iCon
zawgyi သို့ မဟုတ် unicode
Sunday, July 19, 2015
ကညနဝန်ထမ်းများ အဂတိ လိုက်စားမှုကြောင့် အခွန်ဘဏ္ဍာ ကျပ်သိန်းပေါင်းတစ်သိန်း နစ်နာဟု သူရဦးအောင်ကို ဆို
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများနှင့် စက်မှုဇုန်ကား ထုတ်လုပ်သူများ ပူးပေါင်း လုပ်ဆောင်နေကြသည့် အဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေကျပ် သိန်းပေါင်းတစ်သိန်းနစ်နာခဲ့သည်ဟု ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ပြောကြားလိုက်သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၄ ရက်မြောက်နေ့ ဖြစ်သည့် ဇူလိုင်လ ၁၃ ရက်တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
“စက်မှုဇုန်က နောက်ပိုင်းထုတ် - အပ်စနစ်နဲ့ စုစုပေါင်းအရေအတွက် ၂၀၀၀ ကျော် အတွက်ဆိုရင် စလစ်တစ်စောင်အတွက် သိန်း ၅၀ နစ်နာ ခဲ့လို့ ကားအစီးရေ ၂၀၀၀ အတွက် နိုင်ငံ့ဘဏ္ဍာ သိန်းပေါင်းတစ်သိန်း နစ်နာခဲ့ပါတယ်” ဟု သူရဦးအောင်ကိုက ပြောသည်။
ပြည်တွင်းစက်မှုဇုန်များမှ ထုတ်လုပ်သည့် ကားအသစ်များဝယ်ယူ၍ ကညနတွင် မှတ်ပုံတင်ပြုလုပ်ကာ ရက်ပိုင်းအတွင်း ယာဉ်အိုယာဉ်ဟောင်းများအဖြစ် ပြန်လည်အပ်နှံ၍ စလစ်ထုတ်ပြီး ပြည်ပမှ အဆင့်မြင့်ကားများ ပြန်လည်တင်သွင်းနေခြင်းအပေါ် ၎င်းကထိုသို့ပြောဆိုခြင်း ဖြစ်သည်။
ကညနသို့ ပြန်လည်အပ်နှံရာတွင် ယင်းဝန်ထမ်းများမှ လိုလိုလားလားလက်ခံပြီး ပြေစာစလစ်များ ထုတ်ပေးနေခဲ့ကာ အဆိုပါကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိဝန်ထမ်းများနှင့် ဇုန်ထုတ်ကားလုပ်သူများကို စစ်ဆေးကြပ်မတ်ရန် အစီအစဉ်ရှိမရှိ သူရဦးအောင်ကိုက လွှတ်တော်တွင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
“စက်မှုဇုန်ထုတ် ယာဉ်တွေ မမှန်မကန် အပ်နှံမှုရှိနေတယ်ဆိုတာ သန်လျင် ကညန ခရိုင်ရုံးက တင်ပြလာတဲ့အတွက် ပြန်လည်စိစစ်ဖို့ ၂၀၁၅ ဖေဖော်ရီဝါလ ၂၇ ရက်နေ့မှာ စက်မှုဇုန် ကားအပ်နှံမှုတွေကို ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ပြန်လည်အပ်နှံထား တဲ့ ၁၁၁၇ စီးကိုအမှုတွဲတွေနဲ့ နေပြည်တော်ရုံးချုပ်က ပြန်လည်စိစစ်ရာမှာ ပုံစံ (ဃ) နဲ့ ထုတ်ပေးထားတဲ့ စစ်ဆေးချက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးခြင်း၊ ဘောင်အမှတ် စစ်ဆေးခြင်း၊ စတင်မှတ်ပုံတင်သည့် ကာလက ပုံစံ (ဃ) ထုတ်ပေးစဉ်က ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးရာမှာ တူညီမှုရှိတာကို ထပ်မံတွေ့ရှိရပါတယ်” ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ပြောသည်။
ပြည်တွင်း စက်မှုဇုန်များသည် ၂၀၀၁-၀၂ ခုနှစ်တွင် ကားများကို စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ် အထိ မော်တော်ယာဉ် ၉၉၅၃၄ စီး ထုတ်လုပ်ခဲ့ရာ ယခုကဲ့သို့ ကညနဝန်ထမ်းများနှင့် ဇုန်ကား အသုံးပြုသူများ အကြား မမှန်ကန်သည့် နည်းလမ်းအသုံးပြုလာခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်အတွင်း ဇုန်ထုတ်ကားများကို ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဒုဝန်ကြီး ဦးချန်မောင်ကဆိုသည်။
ထို့အပြင် ကညန၏ခွင့်ပြုချက်ဖြင့် အပ်နှံလာသည့် ယာဉ်ဟောင်းများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ စစ်ဆေးရေးအဖွဲ့မှ အင်္ဂါရပ်နှင့် မညီသည့် ယာဉ်များအား ဆောင်ရွက်ပေးခြင်းမရှိခဲ့ကြောင်း သူရဦးအောင်ကို၏ ပြောဆိုချက်အရ သိရသည်။
MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment