iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, July 13, 2015

ဆင်းမ်ကတ်တစ်ခု၏ ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ် ၂၅၀ ကျပ်ဟုဆို



ဆင်းမ်ကတ်တစ်ခု၏ ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ် ၂၅၀ ကျပ်ဟုဆို
===================

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆင်းမ်ကတ်တစ်ခု၏ ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ်သည် ၂၅၀ ကျပ်ခန့် ဖြစ်သော်လည်း ဖြန့်ဖြူးမှုကုန်ကျစရိတ်၊ ကတ်၏အရည်အသွေးနှင့် မှတ်ဉာဏ်ပမာဏ အပေါ်မူတည်ပြီး ၈၅၀ ကျပ်ခန့်မှ ၁,၁၅၀ ကျပ်ခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၇၃ ရက်မြောက်နေ့ ကျင်းပရာတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ငွေဖြည့်ကတ်တစ်ခုအတွက် ထုတ်လုပ်မှု ပျမ်းမျှကုန်ကျစရိတ်က ၅၀ ကျပ်ခန့် ဖြစ်သော်လည်း အရောင်းကော်မရှင်ခနှင့် ဖြန့်ဖြူးမှု ကုန်ကျစရိတ်များ အပါအဝင် ၁၀၀ ကျပ်ခန့်မှ ၂,၅၀၀ ကျပ်ခန့်အထိ ကုန်ကျကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် KSGM Co.,Ltd နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလမှ ၂၀၁၅ ခုနှစ် ဇွန်လအထိ ဆင်းမ်ကတ်ပေါင်း ၈၆၆,၉၀၀ ကျော် ရောင်းချထားပြီး ကော်မရှင်ကထုတ်နှုတ်၍ ရောင်းရငွေကျပ် ၉.၁၅၄ ဘီလီယံရရှိခဲ့ကြောင်း၊ မိုဘိုင်းတယ်လီဖုန်း ပြောဆိုခနှင့် အင်တာနက်သုံးစွဲမှုအတွက် ကြိုတင်ငွေဖြည့်ကတ် ရောင်းချရခြင်းမှ ၅၇၄.၉၆၇ ဘီလီယံ ရရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

ဝန်ကြီးဌာနက ခွင့်ပြုထားသော ဆက်သွယ်ရေး အော်ပရေတာ အရေအတွက်နှင့် ဝန်ကြီးဌာနသို့ နှစ်အလိုက် ပေးသွင်းငွေပမာဏ၊ ခွင့်ပြုထားသည့် သဘောတူညီချက်များ၊ အခွန်ကင်းလွတ်ခွင့်၊ သက်သာ ခွင့် ပေးသည်တို့နှင့် စပ်လျဉ်းသည့်မေးခွန်းတွင် အထက်ပါအချက်များကို ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 

No comments:

Post a Comment