iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 17, 2015

ကျေးရွာ လျှပ်စစ်မီးလင်းရေး ငွေစာရင်းများ ရှင်းမပေးသည့်အတွက် လျှစ်စစ်ရုံးရှေ့ဆန္ဒထုတ်ဖော်



ကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးအတွက် ကောက်ခံထားသော ငွေများအား မီးလင်းရေး ကော်မတီနှင့် လျှပ်စစ်ဌာနက ငွေစာရင်း ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးခြင်း မရှိဟုဆိုကာ ဒီဇင်ဘာ ၁၆ ရက်က ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ မြို့နယ်လျှပ်စစ်ရုံးရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ လက္ခုပ္ပင်ရွာကနေ ကောက်ခံထားတဲ့ ငွေတွေနဲ့ မီးလင်းတယ်။ မီးလင်းပြီးတော့ ပိုက်ဆံမရှင်းဘူး။ ဒီနေ့ထိ ပိုက်ဆံတွေက ကောက်နေတုန်းပဲ။ တကယ်တော့ လျှပ်စစ်မီးဆိုတာ နိုင်ငံတော်က ဆောင်ရွက် ပေးရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံကဆင်းရဲလို့ ကိုယ်ထူကိုယ်ထ လုပ်နေရတာ။အဲဒီကိုယ်ထူ ကိုယ်ထကို အကြောင်းပြပြီး ခင်ဗျားတို့ရွာက ကိုယ်ထူကိုယ်ထပါ။ သူတို့ရဲ့ လက်မှတ်ပါမှ မီးလင်းမယ်ပေါ့နော်။ မီတာ လျှောက်ခွင့်ပေးမယ်ဘာညာဆိုပြီး ပေါင်းစားနေတာ အဲဒါကို မကျေနပ်လို့ ဆန္ဒပြတာပါ” ဟု ဆန္ဒထုတ်ဖော်သူ ကိုမျိုးနိုင်က ပြောသည်။

ဆန္ဒထုတ်ဖော်နေစဉ် မိနစ်ပိုင်းအတွင်းမှာပင် ရဲဝန်ထမ်းများ ရောက်ရှိလာကာ ကိုင်ဆောင်ထားသော “လျှပ်စစ်အမှိုက် ကောက်ဖို့လာခဲ့ပါပြီ။မီးလင်းသော်လည်း ငွေမလင်း” ဟု ရေးသားထားသော ဆိုင်းဘုတ်ကို သိမ်းဆည်းပြီး ဆန္ဒဖော်ထုတ် နေသူကို တားဆီးကာမြို့နယ်လျှပ်စစ်ရုံးအနီးရှိဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။

“သူ့ကို ဆန္ဒမပြခင် အချိန်လေးမှာ ခွင့်ပြုမိန့်တင်ဖို့၊ အကြောင်းကြားစာ ပေးဖို့ပေါ့ဗျာ အဲဒါခေါ်ပြောတာ။ ခေါ်ပြောတာမှ တကယ်လို့ သိသိကြီးနဲ့ဆက်လက်လုပ်မယ် ဆိုရင်တော့ ကျွန်တော်တို့က တရားဥပဒေနဲ့အညီ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အခု သူက ဆန္ဒမပြခင်၊ ဆန္ဒပြတဲ့ခဏချင်းမှာပဲပေါ့နော်။ အုပ်ချုပ်ရေးမှူး ရုံးခန်းထဲမှာ ခေါ်ပြီး အသိပေးတာပါ။ အရေးမယူသေးပါဘူး” ဟု ပြည်မြို့မ ရဲတပ်ဖွဲ့စခန်းမှ ဒုစခန်းမှူး ရဲအုပ်ဇင်မင်းဦးက ပြောသည်။

ဆံတော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်မြို့မရဲစခန်း တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မျက်နှာ စုံညီ ခေါ်ယူတွေ့ဆုံပြီး ခွင့်ပြုမိန့်တင်ပြီးမှသာ ဆန္ဒဖော်ထုတ်ရန် ပြောဆိုခဲ့ပြီးနောက် ဆန္ဒဖော်ထုတ်သူအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

( The Ladies News )

https://www.facebook.com/News.TheLadies/

No comments:

Post a Comment