iCon
zawgyi သို့ မဟုတ် unicode
Tuesday, December 22, 2015
ရွာသားပိုင်မြေ စစ်မှုထမ်းဟောင်းအဖွဲ့ လုရာမှ ပြသနာ ဖြစ်ပွား
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သားရွဲကျေးရွာမှ ရွာသားများပိုင် ဘုံမြေ တစ်ခုအား စစ်မှုထမ်းဟောင်းအဖွဲ့မှ လုရာမှ ရွာသားနှင့် စစ်မှုထမ်းဟောင်း အဖွဲ့တို့ကြား ပြသနာ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
မြေနေရာအကျယ်အဝန်းမှာ တစ်ဧကခန့်ရှိပြီး သားရွဲကျေးရွာသားများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော မြေဖြစ်ကြောင်း အဆိုပါကျေးရွာနေ ဦးခင်မောင်လှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ယင်းမြေပေါ်တွင် ပေါက်တောမြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့က သူတို့ပိုင်သည့် မြေဟု ဆိုကာ မကျူးကျော်ရန် ဆိုင်းဘုတ်လာ ထောင်ထားရာမှ ရွာသားများနှင့် သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြသည်ဟု သိရသည်။
“ကျွန်တော်တို့ရဲ့ဘိုးဘွားမြေကို စစ်မှုထမ်းဟောင်းက ဒီနေ့ဒီအချိန်ကျမှပဲ ငါတို့ မြေဆိုပြီးတော့ လာလုပ်ပါတယ်။ စစ်မှုထမ်းဟောင်းမြေဆိုပြီးတော့ ကျွန်တော်တို့လည်း တစ်ခါမှလည်း ကြားသိရတာ မရှိဘူး။ ကျွန်တော်တို့ ဆီကို အခုနက ပြောသလို စစ်မှုထမ်းဟောင်း က ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက် အထားလေးတွေလည်း ဒီနေ့ထက် တိုင်အောင် မတွေ့ရှိရပါဘူး” ဟု သူက ဆိုသည်။
စစ်မှုးထမ်းဟောင်းအဖွဲ့က ရွာသားပိုင် မြေပေါ် ဆိုင်းဘုတ်ထောင်ထားခြင်း အပေါ် ဖြေရှင်းပေးရန် ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းဆို ထားသော်လည်း အကြောင်းမထူးသေးဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ရဲ့ကျေးရွာပိုင်နက်မြေကို ကျွန်တော်တို့က လိုချင် တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီလည်း တင်ပြပြီးပြီ။ ဒါကြောင့် သက်ဆိုင် တဲ့၊ တတ်နိုင်တဲ့၊ အကြံဥာဏ် ပေးနိုင်တဲ့သူတွေ နဲ့ နှီးနှော တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားမယ်”ဟု အဆိုပါကျေးရွာမှ ဦးမောင်စောညွန့်က ဆိုသည်။
နိရဉ္စရာမှ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးက ယခုကိစ္စကို ပြေလည်အောင်ဖြေရှင်း ပေးသွား မည်ဟု ပြောဆိုသည်။
( Narinjara News )
https://www.facebook.com/NarinjaraNews
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment