iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 23, 2015

မြန်မာနဲ့ အာရှ ၁၂ နိုင်ငံမှာ ဒေါ်လာ ၇ သန်းဖိုး ဆေးဝါးအတု Interpol ဖမ်းမိ

ဆေးဝါးအတုတွေ သိမ်းဆည်းရမိ

Interpol နိုင်ငံတကာရဲတပ်ဖွဲ့က မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံပေါင်း ၁၃ နိုင်ငံကို လွှမ်းခြုံပြီး ပြုလုပ်ခဲ့တဲ့ စီမံချက်အတွင်း အမေရိကန် ဒေါ်လာ ၇ သန်း တန်ဖိုးရှိတဲ့ ဆေးဝါးအတုတွေ သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ကပြောပါတယ်။

Interpol အဖွဲ့ရဲ့ ဒေသတွင်း ဆေးဝါးအတု ဟန့်တားတိုက်ဖျက်ရေး အစီအစဉ်အတွင်း ပဋိဇေ၀ဆေး၊ သွေးတိုးကျဆေး ဆေးပြားတွေနဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေအထိ ဆေးဝါးအတုပေါင်းစုံကို ရာနဲ့ချီတဲ့ ဆေးဆိုင်တွေ ဈေးတွေ၊ အင်တာနက် အွန်လိုင်းကနေ ကနေ တဆင့် ရောင်းချနေတာတွေကို ဖော်ထုတ်နိုင်ခဲ့တာပါ။

နိုင်ငံတကာ ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ရဲတပ်ဖွဲ့နဲ့ ဆေးဝါးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီတွေ ပူးပေါင်းပါဝင်တဲ့ ဆေးဝါးအတု တိုက်ဖျက်ရေး စီမံချက်ဟာ ရာဇ၀တ်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ တရားမ၀င် ဆေးဝါးထုတ်လုပ်မှုတွေကို ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး စီမံချက်ကာလအတွင်း လူပေါင်း ၈၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Operation Storm VI လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးက ရာဇ၀တ်ဂိုဏ်းတွေ ပါဝင် ပတ်သက်နေပြီး လူထုကျန်းမာရေးကို အန္တရာယ်ပြုစေတဲ့ ဆေးဝါးထုတ်လုပ်မှုတွေနဲ့ လူတွေရဲ့ လုံခြုံစိတ်ချရမှုအတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ Interpol ကမ္ဘာ့ကျန်းမာရေး လုံခြုံစိတ်ချစေရေးဌာန အကြီးအကဲ Aline Plancon က ပြောပါတယ်။

စီမံချက်ပြုလုပ်ခဲ့တဲ့ တိုင်းပြည်တွေကတော့ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း) 
http://burmese.voanews.com

No comments:

Post a Comment