iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, January 5, 2016

အရွယ်မရောက်သေးသည့် မိန်းကလေးငယ်နှစ်ဦးအား အဓမ္မကျင့်သူကို တရားသူကြီးက အာမခံပေးလိုက်ကြောင်းသိရ


 မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာရှိ အရွယ်မရောက်သေးသော ညီအစ်မနှစ်ဦးကို အိမ်နီးချင်းဖြစ်သူ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့ကြောင်း ပြုကျင့်ခံရသူ အသက်၁၂နှစ်အရွယ် မိန်းကလေးက အမှုစစ် ရဲအရာရှိထံ ထွက်ဆိုခဲ့ပြီး ရုံးတင်စစ်ဆေးရာတွင် တရားခံဟု ယူဆရသူကို မြို့နယ်တရားသူကြီးက အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း စလင်းမြို့နယ်ဥပဒေအရာရှိ ဒေါ်တင်မာလွင်က စောင့်ကြည့်ဂျာနယ်၏ မေးမြန်းမှုကို ဇန်န၀ါရီလ၄ရက်နေ့တွင် ပြောကြားသည်။

ယင်းအမှုမှာ လွန်ခဲ့သော ၂၀၁၅ခုနှစ် ဧပြီလ၈ရက်နေ့တွင် စလင်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော အမှုဖြစ်သည်။ ထိုသို့အမှုဖွင့်တိုင်ကြားမှုကြောင့် ရဲအရာရှိက ထိုအရွယ်မရောက်သေးသော မိန်းကလေးနှစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာတွင် နှစ်ဦးစလုံးက ပြုကျင့်ခံရပုံ အလုံးစုံကို ပြောပြခဲ့အမှုဟု ပြုကျင့်ခံရသူ ညီအစ်မနှစ်ဦးမှ အငယ်ဖြစ်သူ အသက်၁၂အရွယ် မိန်းကလေးငယ်က စောင့်ကြည့်ဂျာနယ်သို့ ရှင်းပြပြောဆိုသည်။ သို့သော်တရားရုံးသို့ စွဲချက်တင်ရာတွင် ၃၇၆/၅၁၁ဖြင့် စွဲချက်တင်ပြီးနောက် ရုံးတင်ခံရသူကို မြို့နယ်တရားသူကြီးက အာမခံဖြင့် လွှတ်ပေးလိုက်ကြောင်း စလင်းမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သတ်၍ တရားလိုဖက်မှ မကျေနပ်သောကြောင့် ခရိုင်တရားရုံးသို့ ပြင်ဆင်ချက်ပေးပို့ထားသောကြောင့် ယင်းအမှုအပြင် ကလေးသူငယ်ဆိုင်ရာ ကိစ္စအချို့နှင့် ပတ်သတ်၍ မင်းဘူးခရိုင်တရားသူကြီးကို သွားရောက်မေးမြန်းမှု ပြုရာတွင် တရားရုံးကို မည်သည့်မီဒီယာသမားမှ လာရောက်ခြင်းမရှိသလို အမှန်မကန်ရေးသားပါက ဥပဒေအရ တရားစွဲဆိုနိုင်ကြောင်း ပြန်လည်ပြောဆိုသည့်အပြင် ဥပဒေကိစ္စများ မေးမြန်းချင်ပါက ဥပဒေအရာရှိနှင့် သက်ဆိုင်ကြောင်း ထပ်လောင်းပြောဆိုသည်။

ယင်းအမှုနှင့် ပတ်သတ်ပြီး အဓမ္မပြုကျင့်ခံရသော မိန်းကလေးငယ်ညီအစ်မအရင်းနှစ်ဦးတွင် အကြီးဖြစ်သူမှာ တရားခံအဖြစ်ယူဆရသူ ပြန်လည်လွှတ်မြောက်လာပြီးနောက်တွင် သေဆုံးသွားခဲ့သည်ဟု ဖခင်ဖြစ်သူ ဦးစိုးဝင်းနှင့် ဇနီးဖြစ်သူက ပြောပြသည်။ ထိုသေဆုံးမှုနှင့် ပတ်သတ်ပြီး စလင်းမြို့နယ် ဆေးရုံမှ ဆရာဝန်ကြီးကို မေးမြန်းရာတွင် လွန်ခဲ့သော ၅နှစ်ခန့်က ခိုက်မိသော ဒဏ်ကြောင့် အရိုးအတွင်း ပိုးဝင်ကာ အရိုးပြည်တည်နာဖြင့် သေဆုံးခြင်းသာ ဖြစ်သည်ဟုဆိုသည်။

မှုခင်းဆရာဝန်၏ ဆေးစစ်ချက်ကို အတိအကျမသိရသော်လည်း အဓမ္မကျင့်ခံရသည်ဟု ဆိုသော ညီအစ်မနှစ်ဦးမှ အငယ်ဖြစ်သူ၏ အပြောအရ သူ့ကို နဘူးခြုံထဲတွင်လဲပြီး ပါလာသော ဖွဲအိတ်ကို ချကာ အဓမ္မပြုကျင့်ခဲ့သည်ဟု ပြောဆိုပြီး ပြုကျင့်ရာတွင် တမျိုးကြီးခံစားခဲ့ရသည်ဟု ဆိုကာ ၀မ်းနည်းစွာဖြင့် ငိုကြွေး ပြောဆိုသည်။ ထိုအဓမ္မပြုကျင့်ခဲ့သူမှာ အသက်၆၀နှစ်အရွယ်ရှိကာ စလင်းမြို့နယ် အောက်လှိုင်တွင် ပြုကျင့်ခံရသူ ညီအစ်မနှစ်ဦးနှင့် အိမ်ချင်းကပ်လျက်နေထိုင်သူဖြစ်သည်။ ထိုမိန်းကလေးငယ်နှစ်ဦး၏ မိဘများမှာ ကျပန်းလုပ်သားများဖြစ်ပြီး တစ်ဦးလျှင်တစ်ရက် လုပ်အားခကျပ်တစ်ထောင်သာ ရရှိသည်ဟု သိရသည်။

စလင်းမြို့နယ်တရားရုံးတွင် တရားစီရင်ရာတွင် ပြင်ဆင်ချက်အမိန့်ဖြင့် ခရိုင်တရားရုံးက ပြစ်ဒဏ်ပြန်လည်ချမှတ်မှုများ ရှိပြီး ထိုအမိန့်ကို မြို့နယ်တရားရုံးကသာ ပြန်လည်ဖတ်ကြား အမိန့်ချရခြင်းဖြစ်ကြောင်း စလင်းမြို့နယ် တရားသူကြီးက အတည်ပြုပြောဆိုသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment