iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, February 3, 2016

ကျိုက်ထီးရိုးဘုရားဖူးများ စိတ်ချမ်းသာစေဖို့


ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၅၊ ၂၆၊ ၂၇) ရက်များသည် ရုံးပိတ်ရက်ဆက် တိုက်ဖြစ်၍ ကျိုက်ထီးရိုးဘုရားအား ဖူးမြော်ရန် ကားလက်မှတ်ကြို၍ပင် ဖြတ်ထားလိုက်ပါသည်။ ကျိုက်ထီးရိုးစေတီတော်ကြီးအား ငယ်စဉ်ကလေး ဘ၀ မိသားစုနှင့်အတူ ဖူးမြော်ခဲ့သည်မှာ နှစ်ပေါင်းသုံးဆယ်လောက်ပင် ရှိခဲ့ပါပြီ။ စာရေးသူတို့ သွားရောက်ခဲ့သည့်အချိန်မှာ ၀န်ထမ်းများအဖို့ အသင့်တော်ဆုံးဖြစ်သော်လည်း ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ဘုရားဖူးများ စည်ကားလှသဖြင့် မမျှော်လင့်သော အခက်အခဲများ ကြုံတွေ့ခဲ့ရပါသည်။

စာရေးသူတို့ စီးနင်းလာသော မော်တော်ကားမှာ တောင်ခြေတွင် ရပ်ထားခဲ့ရပါသည်။ ကင်မွန်းစခန်းတွင် မိမိတို့ စီးနင်းလာသော ဘုရားဖူး ကားမှတဆင့် တောင်တက်ကားများရှိရာသို့ ချီတက်ခဲ့ကြရပါသည်။ ငယ်ရွယ်စဉ် မိသားစုနှင့်အတူ ဘုရားဖူးသွားခဲ့ရသည်ကို ပြန်လည်သတိရ မိပါသည်။ မိသားစုထဲတွင် အဖေနှင့် အမေသည်လည်း အရွယ်ကောင်း၍ လမ်းလျှောက်တက်နိုင်ကြပါသည်။ စာရေးသူနှင့် မောင်ဖြစ်သူလည်း လမ်းလျှောက်တက်နိုင်ကြပါသည်။ လမ်းလျှောက်မတက်နိုင်သူမှာ စာရေး သူ၏အစ်မပင် ဖြစ်သည်။ အစ်မသည် ကလေးအရွယ် ငယ်စဉ်က နှလုံး ရောဂါကုထားရသူတဦးပင်ဖြစ်သည်။ သူသည် အမောဖောက်လာ၍ အသက်ရှူမ၀တော့ပေ။ အသားရောင်ပင် ညိုမည်းလာပါတော့သည်။ မိဘများမှာ စိတ်ပူသဖြင့် အထမ်းသမားအား ငှားရပါတော့သည်။

အထမ်းဖြင့် တောင်တက်ကြသူများမှာ အသက်အရွယ်ကြီးသော အဘိုး အဘွားများ၊ လမ်းမလျှောက်နိုင်သောသူများ၊ ကျန်းမာရေးမကောင်း သူများဖြစ်ကြရာ စာရေးသူ၏အစ်မသည် နှလုံးရောဂါအခံရှိသောကြောင့် အထမ်းဖြင့် တောင်ပေါ်သို့တက်ခဲ့ရပါသည်။ အထမ်းသမားတို့သည် ရိုးသား ဖြူစင်ကြသည်၊ စေတနာကောင်းမွန်ကြသည်၊ ရောဂါရှင်၏မိဘများမှာ ကြားချက်များကို လိုက်နာဆောင်ရွက်ပေးကြသည်။ ဤသို့ဖြင့် ရောဂါရှင် သည် အသက်ရှူဝကာ ရောဂါသက်သာ၍ ဘုရားရင်ပြင်ပေါ်သို့ ရောက်ခဲ့ကြပေသည်။ ဘုရားရင်ပြင်တော်ရောက်မှ မိသားစုဆုံကြရတော့သည်။ ထမင်းဆိုင်များမှ လှိုက်လှဲစွာဖိတ်ခေါ်မှုကြောင့် ညနေစာစားရင်း တည အိပ်ခဲ့ကြပါသည်။ နံနက်မိုးလင်းအရုဏ်တွင် ကျိုက်ထီးရိုးစေတီတော်မြတ် ကြီးအား ဆွမ်း၊ ပန်း၊ ဆီမီး၊ ရွှေသင်္ကန်းကပ်ခြင်းတို့ဖြင့် ကြည်ညိုစွာ ဖူးမြော်ကန်တော့ကြရပါသည်။
စာရေးသူတို့မိသားစု ကင်မွန်းစခန်းမှစ၍ တောင်ပေါ်သို့တက်ကြရာ ကင်မွန်းစခန်းတွင် တောင်ပေါ်ကကျနေသောရေကို လွတ်လပ်စွာ ချိုးနေကြသည်ကို မြင်တွေ့ခဲ့ရပါသည်။ တောင်ပေါ်သို့ သဘာဝရှုခင်းများကိုကြည့်ရင်း လမ်းလျှောက်တက်ခဲ့ကြပါသည်။ လမ်းတလျှောက်တွင် အလှူခံဌာနဆိုတာ မရှိပါ။ ၀ါးခြမ်းလေးများထောက်၍ သောက်ရေအိုးစင်လေးများကို တွေ့ခဲ့ဖူးပါသည်။ ရေမြှောင်ကြီးရောက်တော့ ခဏနားကြပါသည်။ အမောဖြေအနားယူရင်း ရေချိုးသူများမှာ ရေချိုးခန်းများတွင် ရေချိုးနိုင်ကြပါသည်။ အခကြေးငွေပေးစရာမလိုပါ။ ဖိုးပြန်တောင်၊ ဆိုင်တမော့၊ နဂါးပတ်တောင်တို့ဆိုလျှင် တက်ရသည်မှာ တော်တော်ပင်ပန်းပါသည်။ တဖြည်းဖြည်း နေ၀င်၍ မိုးပင်ချုပ်လာခဲ့ပါပြီ။ ထိုအခါ အလင်းရောင်ရရန် မီးတုတ်ကိုင်၍ တက်ခဲ့ကြပေသည်။

ယခုအခါတွင် စာရေးသူတို့မောင်နှမတွေမှာ ကိုယ်စီ၊ ကိုယ်စီ လုပ်ငန်းခွင်ရောက်နေပြီဖြစ်သောကြောင့် ဘုရားဖူးသွားရန် မကြုံကြပါ။ ဒီနှစ်ပိတ်ရက်မှာ ကျိုက်ထီးရိုးဘုရားဖူးမည်ဟု ကြိုတင်အစီအစဉ်လုပ် ထားရပါသည်။ ဒီတခေါက်တော့ တောင်တက်ကားစီးပြီး လမ်းဘေးဝဲယာမှ ရှုခင်းများကိုကြည့်၍ တောင်တက်ခြင်း၏အရသာကို ကြည့်မည်ဟု ရည်ရွယ်ခဲ့ပါသည်။ မိမိတို့စီးလာသော ဘုရားဖူးကားမှာ ကင်မွန်းစခန်းတွင် ရပ်ထားခဲ့ပါသည်။ ကားပေါ်ပါလာသော ဘုရားဖူးများအား နောက်နေ့ ၁၂ နာရီအရောက် ပြန်လာခဲ့ဖို့ မှာကြားပါသည်။ မှန်းချက်နှင့် လွဲခဲ့ပါပြီ။ မမျှော်လင့်သော အခက်အခဲတွေ၊ စိတ်ပျက်စရာကောင်းသောမြင်ကွင်းတွေ စတင်တွေ့မြင်ရပါပြီ။

ညနေ ၆ နာရီကျော်လျှင် ကားမတက်တော့ပါဆိုသဖြင့် အလုအယက် တန်းစီရပါသည်။ ကားခေါင်းခန်းတွင် စီး၍ရမလားဆိုတော့ လူကြီးကိုသွားပြောပါဆိုသဖြင့် ဘယ်လူကြီးသွားပြောရမှန်းမသိ ဖြစ်နေပါသည်။ သွားပြောလျှင် မိမိတန်းစီထားသောနေရာ ပျောက်သွားမည်စိုး၍ မသွားဝံ့ပါ။ နောက်တွဲမှာ ထိုင်ခုံတတန်းကို စပယ်ယာက ရှစ်ယောက်တင် ပါသည်။ တချို့ ခရီးသည်များက လူကြီးခပဲပေး၍ ကလေးကိုပင် ပေါင်ပေါ် တင်ကာ စီးကြပါသည်။ တော်တော်လေး ကျပ်ညပ်နေအောင်ထိုင်ပြီး စီးခဲ့ရပါသည်။ နှလုံးရောဂါအခံရှိသော အစ်မကိုလည်း ကျန်းမာရေးအခြေအနေကောင်းပါစေဆိုပြီး ဆုတောင်းနေရပါသည်။ ကားစထွက်ပြီး မကြာမီ ငွေဖလားထိုးပြီး အလှူခံကြပါသည်။ တောင်တက်ကားလမ်းသည် ခပ်ဆိုးဆိုးမဟုတ်၊ ချောချောမွေ့မွေ့ အဆင်ပြေပါသည်။ သို့သော် ကားရပ်ခိုင်းပြီး ငွေဖလားထိုးခံ၍ အလှူခံကြသည်မှာ များပြားလွန်းလှသည်။
တောင်ပေါ်ရောက်တော့ ကြက်ပျံမကျ စည်ကားလှသည်။ မိမိတို့ အထွတ်အမြတ်ထားရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြသည်ကို မြင်ရသဖြင့် ၀မ်းသာပီတိ ဖြစ်ခဲ့ရပါသည်။ ရင်ပြင်တော်ပေါ်တလျှောက်လုံး ဘုရားဖူးများ နေရာယူထားကြသည်ကိုလည်း တွေ့ရပါသည်။ လမ်းဘေးဝဲယာတလျှောက် ကျိုက်ထီးရိုးတောင်ဝှေးလေးတွေထောင်ကာ စောင်ကာ၍ တညတာ အိပ်စက်နားနေကြသည်ကို မြင်တွေ့ခဲ့ရပါသည်။ စာရေးသူတို့အုပ်စုတွင် အသက်အရွယ်ကြီးသူပါသဖြင့် သူတို့လို မနေနိုင်ပါ။ Hotel လည်း မတည်းနိုင်ပါ။ သင့်တင့်သောတည်းခိုခန်းကို ငါးယောက်စာ ရှစ်သောင်းပေး၍ တည်းခဲ့ရပါသည်။ တချို့ဆိုလျှင် အိပ်စရာနေရာမရှိ၍ အမှိုက်ပုံဘေး၊ အမှိုက်ပုံးကြီးများကို အကာအကွယ်ပြုကာ အိပ်ကြရသည်။ ရင်ပြင် တော်တွင်ဖြစ်သလို စောင်လေးတွေကာပြီး အဖီထိုးကာနေကြသည်ကို မြင်တွေ့ခဲ့ရပါသည်။ Hotel ကြီးများမှာ အထပ်များစွာနှင့် ခမ်းနားသော်လည်း ဘုရားဖူးသူများအတွက် တန်ဖိုးကြီးသဖြင့် အနားသို့မကပ်နိုင်ပါ။ ဌာနဆိုင်ရာ ဓမ္မာရုံများမှာလည်း သက်ဆိုင်ရာလူကြီးတွေအတွက်ဆိုတော့ ဘုရားဖူးသူများအတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ တည်းခိုနိုင်ဖို့စီစဉ်ပေး သင့်ပါသည်။

အလှူခံဌာနများအနေဖြင့် အတင်းအဓမ္မအလှူ မခံစေလိုပါ။ သဒ္ဓါကြည်ညိုစွာ လာရောက်ဖူးမြော်ကြသော ဘုရားဖူးခရီးသည်များမှာ သူ့အတိုင်းအတာနှင့်သူ စုဆောင်းလာကြရသဖြင့် စေတနာဖြင့် လှူဒါန်းခြင်းသည် ပို၍ကုသိုလ်ရပါသည်။ အလှူပွဲစား မလုပ်စေချင်ပါ။ စေတနာနှင့် လှူဒါန်းခြင်းသည် အလှူခံပုဂ္ဂိုလ်ရော၊ အလှူရှင်ပါ နှစ်ဦးနှစ်ဖက်ကုသိုလ် ရရှိနိုင်ပါသည်။ နောက်ပြဿနာတခုမှာ ရေချိုးခန်းနှင့် သန့်စင်ခန်းဖြစ်ပါ သည်။ လူတန်းစီရသည့်အပြင် သန့်စင်ခန်းတခါဝင်လျှင် ကျပ် ၃၀၀ ပေးခဲ့ရပါသည်။ ဆက်ဆံရေးက မပြေလည် မိမိသုံးမည့်ရေကို မိမိကိုယ်တိုင် ရေခပ်၍ သုံးခဲ့ရပါသည်။ အပြန်လမ်းခရီးမှာတော့ ပို၍ဒုက္ခရောက်ခဲ့ရပါပြီ။ မမျှော်လင့်သော၊ မကြုံဖူးသောမြင်ကွင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါပြီ။ တောင်ခြေသို့ဆင်းရန် ကားရပ်နားရာနေရာ၌ တန်းစီကြရပါသည်။ ကားပေါ်တက်ရန် အလူမီနီယံလှေကားပေါ်အထိ မတ်တတ်ရပ်၍ တန်းစီကြရပါသည်။ စာရေးသူတို့သည် ကားပေါ်တက်ရန် အဆင်သင့်ဖြစ်နေသော်လည်း မတက်နိုင်ပါ။ ကားတစီးဝင်လာလျှင် လမ်းခုလတ်က တွယ်ကပ်၊ ကားအနောက်ဘက်က တွယ်တက်ဖြင့် ကားပေါ်ကပါလာသူတွေ မဆင်းရသေး၊ ကားကိုတွယ်၍ လိုက်လာကြသဖြင့် ကားပေါ်တွင် ထိုင် စရာနေရာမရှိတော့ပါ။ ဒီနေရာတွင် တဦးနှင့်တဦး ညှာတာစိတ်၊ ကူညီစိတ်ဆိုတာ မရှိတော့ပါ။ စည်းကမ်းဆိုတာလည်း မရှိပါ။ တာဝန်ယူပြီး ကြပ်မတ်မည့်သူလည်း မရှိပါ။

စာရေးသူတို့ ညီအစ်မမှာလည်း တယောက်နှင့်တယောက် ကွဲသွားမည်ကို စိုးရိမ်သဖြင့် နောက်ကားတစီးလာလျှင် ဖြစ်တဲ့နည်းနဲ့ မတ်တတ်ရပ် လိုက်ခဲ့ရပါသည်။ အစ်မကိုလည်း ဆွဲခေါ်ရပါသည်၊ အစ်မ၏ ခြေထောက်မှ ထိုင်ခုံတွင်ထိုင်နေသော ယောကျာ်းကြီး၏ တင်ပါးအောက်ရောက်နေ၍ ခဏကြွပေးပါဟု တောင်းပန်တာတောင် ရန်တွေ့ခံရပါသည်။ တချို့ ယောကျာ်းကြီးများမှာ နှမသားချင်းမစာနာ လက်သီးနှင့်ထိုးမည့်ဟန် ကြုံတွေ့ခဲ့ရပါသည်။ ဘယ်သူ့ကိုမှ အပြစ်မတင်လိုပါ။ မိမိတို့ဝန်ထမ်းဘ၀နဲ့ ပိတ်ရက်ကို ဆုံလာကြလို့ မိမိကိုယ်မိမိ အပြစ်တင်မိပါသည်။

ဒီလိုမဖြစ်ရအောင် အများပြည်သူဘုရားဖူးတွေတည်းဖို့၊ သန့်စင်ခန်း လုံလောက်အောင် ဆောင်ရွက်ပေးဖို့၊ သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ဖို့၊ ကားစီးရာတွင် လူဦးရေနဲ့ နံပါတ်အလိုက် စနစ်တကျ တန်းစီပြီး ကားပေါ်တက်ဖို့၊ လမ်းခုလတ်မှတွယ်တက်၍ နေရာမလုဖို့ စသည့် ကောင်းမွန်သော စီမံခန့်ခွဲရေးရှိရန် ဘုရားဂေါပကအဖွဲ့နဲ့ ပတ်သက်ပါသလား၊ သက်ဆိုင်ရာအကြီးအကဲ၊ ဒေသဆိုင်ရာအကြီးအကဲများနှင့် ပတ်သက်ပါသလား၊ ဆင်းရဲချမ်းသာအယုတ်အလတ်အမြတ်မရွေး၊ ငွေကြေးနည်းနည်းနှင့် နှစ်စဉ် သွားရောက်ဖူးမြော်နိုင်ရန် သက်ဆိုင်ရာမှ တာဝန်ယူ၍ ဆောင်ရွက်ပေးမည်ဆိုပါလျှင် ဘုရားဖူးများ စိတ်ချမ်းသာ မည်ဟု စာရေးသူထင်မြင်မိပါသည်။

ဒေါ်ကြည်ကြည်တင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment