iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, August 22, 2015

မိတ္ထီလာမြို့နယ်၌ တောင်ဆင်ရိုင်း ခြောက်ကောင် နယ်ကျော်၍ ၀င်လာ


 မိတ္ထီလာ သြဂုတ် ၂၁

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ညောင်ပင်လျိုကျေးရွာအုပ်စု ဖက်တောကြီးကျေးရွာ အနောက်ဘက် သုံးမိုင်ခန့်အကွာတွင်ရှိသည့် ဖက်တော ချောင်းအနီးသို့ တောဆင်ရိုင်း ခြောက်ကောင်နယ်ကျော်၍ ယနေ့ နံနက် ၈ နာရီခန့်က ဝင်ရောက်လာကြောင်း သိရသည်။

''တောင်ဆင်ရိုင်း ခြောက်ကောင်၊ အငယ်ကနှစ်ကောင်၊ အကြီးက လေး ကောင်၊ မနက်စောစောကရောက်နေတယ်၊ သတင်းပေးလို့ သွားကြည့်တာ၊ ဟုတ်တယ်။ လူကိုရန်မူပြီး ဖျက်ဆီးတာမျိုးတော့ လုပ်တာမတွေ့ရဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးလှိုင်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးမောင်ရွှေတို့ လာကြည့် သွားတယ်။ အခုချိန် ညနေ ၃ နာရီအထိတော့ ရှိနေတုန်းပဲ ။ သစ်တောက ဝန်ထမ်းတွေစောင့်ကြည့်နေကြတယ်''ဟု ညောင်ပင်လျှိုအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်ဌေးအောင်က ပြောသည်။
၎င်းဆင်များ ဝင်ရောက်နေသည့်နေရာအနီးသို့ သွားရောက်ကြည့်ရှုခဲ့ သည်။

မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေ က တောဆင်ရိုင်း ခြောက်ကောင် တွေ့ရှိသည်မှာ မှန်ကန်ကြောင်း၊ အကြီးလေးကောင်၊ အငယ်နှစ်ကောင် ဖြစ်ကြောင်း အတည်ပြုပြောကြား သည်။ မြို့နယ်သစ်တောဦးစီးဌာနရုံး သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော် လည်း ဖြေကြားမည့်သူမရှိဘဲ မြို့နယ် ဦးစီးမှူး၏ဖုန်းမှာ ပိတ်ထားကြောင်း သိရသည်။


ဆင်ရိုင်းခြောက်ကောင်ဝင်ရောက် ခဲ့သည့် ဖက်တောကြီးကျေးရွာ၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာတွင် ရှိသော ယာခင်းပိုင်ရှင် ဦးကျော့ အောင် အသက် ၆ဝ ကျော်မှာ ဆင်နင်းခံရပြီး နာကျင်ဝေဒနာများ ခံစားခဲ့ရကြောင်းလည်း သိရသည်။

''ဆင်ရိုင်းတွေ ငရုတ်ခင်းဘက်ကို လာတော့ သူတို့ထဲက တစ်ကောင်ကို ခဲနဲ့တမင် လွဲချော်အောင်ပစ်ပြီး မောင်းလိုက်တဲ့အခါ အဲဒီဆင်က ဦးလေးဆီကို တည့်တည့်ပြေးလာပြီး နင်းမယ်လုပ်တော့ ဦးလေးပြေးတာ။ ဦးလေးကို မီတော့ ဦးလေးလဲသွား ပြီ။ အဲဒီမှာ ဆင်က ဦးလေးကို တည့်တည့်တော့မနင်းချဘူး။ ချော်ပြီး တော့ပဲနင်းတယ်။ ဆီးခုံနဲ့ ဘယ်ဘက် ဒူးခေါင်းကို ထိခိုက်မိတယ်။ အနင်း ခံရပြီးတော့ မူးမေ့သွားတယ်။ အဲဒီဆင်က ဦးလေးကိုချော်နင်းပြီးတော့ နောက် ပြန်လှည့်သွားတယ်။ ကျန်တဲ့ဆင်တွေလည်း ဦးလေးဆီကို ဦးတည်လာရာက နောက်ပြန် လှည့်သွားကြတယ်။ အဲဒီအနီးက ကြာပေါက် ကျေးရွာသူ ကျေးရွာသားတွေက ဝိုင်းဝန်းပြုစု တာမို့ ဦးလေးသက်သာလာတာ။ အခု သားသမီးတွေက လှည်းနဲ့ ပြန်ခေါ်တာမို့ ရွာပြန်လာတာ''ဟု ဦးကျော့အောင်က ပြော သည်။

ညနေ ၃ နာရီခွဲကျော်က ဖက်တောကြီး ကျေးရွာနေထိုင်သူ ဦးကျော့အောင်အား ဆင် တစ်ကောင်က ချော်နင်းပြီးနောက် ညနေ ၄ နာရီခန့်တွင် မိတ္ထီလာမြို့နယ် ညောင်ပင်လျှို ကျေးရွာအုပ်စု ကြာပေါက်ကျေးရွာမှ တစ်ဆင့် မလှိုင်မြို့နယ် မိုးကောင်း၊ ဘီးစပ်ကုန်း၊ ခင်တဲ ကျေးရွာများဘက်သို့ ဦးတည်ထွက်ခွာသွား ကြောင်း မျက်မြင်တွေ့ရှိသူ ဖက်တောကြီး ကျေးရွာဒေသခံများက ပြောကြားသည်။ ၎င်း ဆင်ခြောက်ကောင် ထွက်ခွာရာ နောက်သို့ မိတ္ထီလာမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန် ရှိသူများက လိုက်လံစောင့်ကြည့်နေကြပြီး ဖက်တောကြီး ကျေးရွာဒေသခံများက ၎င်းဆင် များမှာ ဆင်ယဉ်များ ဖြစ်မည်ဟု ခန့်မှန်း ပြောဆို နေကြသည်။
.
 ချမ်းသာ(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment