iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, December 12, 2015

iCloud အကြောင်းသိကောင်းစရာဗဟုသုတများ - “Everything You Need to Know about iCloud Drive”


OS X El Capitan နဲ့ iOS 9 တို့ထွက်ရှိလာမှုနဲ့အတူ iCloud ဟာလည်း သီးခြား ပါရှိလာပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက စတင်ဖြန့်ချိစဉ်ကပဲ Apple ရဲ့ Cloud အခြေပြုစနစ်မှာ အရေးကြီးတဲ့ စွမ်းဆောင်ချက်အချို့ လိုအပ်နေတယ်လို့ ထင်မြင်မိပါတယ်။ အခုတော့ iCloud Drive နဲ့ iCloud Photo Library တို့လို Tools များပါရှိလာပြီး Apple ရဲ့ Cloud Computing အတွက် အတွေးအခေါ်ဟာ ပြည့်စုံတိုးတက်လာပါပြီ။ ယခင်က iCloud ကို မသုံးဖူးသူများအတွက် သူဟာ သင့်ရဲ့ Apple Devices များကြားမှာ ဒေတာ အမျိုးအစားအားလုံးကို Sync လုပ်ပြီးသိမ်းဆည်းပေးတဲ့ Cloud ၀န်ဆောင်မှု တစ်ခုဖြစ်ပါတယ်။

အသုံးပြုသူများရဲ့ သတင်းအချက်အလက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ ကြီးမားတဲ့ Storage Collections ကြီးဖြစ်တဲ့ Apple Data Centre မှာ သင့်ရဲ့ ဒေတာများကို သိမ်းဆည်းပေးထားပါတယ်။ iCloud Users များက 5GB Storage ကို အခမဲ့ရရှိမှာပါ။ အခြား iCloud Members များရဲ့ Hard Drive ထောင်ပေါင်းများစွာနဲ့ အတူ ကြီးမားတဲ့ သိုလှောင်ရုံ အတွင်းမှာ သင့်ရဲ့ သေးငယ်တဲ့ Hard Drive တစ်ခုကို သိမ်းထားတာလို့ ယူဆနိုင်ပါတယ်။ Hard Drives များမှ ဒေတာအားလုံးကို Encrypted လုပ်ထားတဲ့အတွက် လုံးဝစိတ်ချရပါတယ်။ အင်တာနက်ရရှိတဲ့ နေရာတိုင်း ကနေ သင့်ရဲ့ Apple ID နဲ့ Password ကိုထည့်လိုက်တာနဲ့ သင့်ရဲ့ Hard Drive ကို ကမ္ဘာရဲ့နေရာတိုင်းကနေ အသုံးပြုနိုင်ပါတယ်။ ဒီထက်တောင် စွမ်းဆောင်ရည်ပြည့်ဝပြီး သိုလှောင်ရုံအတွင်းမှာ သိမ်းဆည်းထားတဲ့ Hard Drive တစ်ခုထက်တောင် ပိုမိုလုံခြုံပါတယ်။

iCloud ကို စတင်ဖြန့်ချိစဉ်က Contacts, Reminders, Notes များလို အရာများကို သင့်ရဲ့ Mac, iPhone, iPad များကြားမှာ ရယူနိုင်အောင် Device များကြားမှာ သတင်းအချက်အလက်များကို Sync လုပ်ပေးတဲ့ နည်းလမ်းတစ်ခုအဖြစ်သာ အသုံးပြုနိုင်ပါတယ်။ ဒီနည်းလမ်းက သင့်ရဲ့ ဒေတာများကို ဒေတာစင်တာ များထံ ကော်ပီကူးပေးပြီး ဒေတာစင်တာ များကနေ သင့်ရဲ့ အခြား Device များထံ ပို့ဆောင်ပေး တာဖြစ်ပါတယ်။ သင့်ရဲ့ Device တစ်ခုမှ App တစ်ခုကို ပြောင်းလဲထားရင် အခြား Device မှာလည်း ပြောင်းလဲပေးမှာပါ။ လက်ရှိမှာလည်း iCloud က အဲဒီိအလုပ် များကို ပြုလုပ်ပေးနေ ဆဲဖြစ်သော်လည်း ပိုမိုအသုံးဝင်တဲ့ Syncing Options များပါရှိလာပါတယ်။ Syncing နဲ့ အတူ iCloud မှာ သင့်ရဲ့ iPhone, iPad, Mac တို့အားလုံးကို ဆန်းသစ်တဲ့နည်းနဲ့ အတူတကွ အသုံးပြုနိုင်စေတဲ့ Continuity ပါရှိလာပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှာ အကျယ်ရေး ပေးမှာပါ။ အဆိုပါ စွမ်းဆောင်ချက်များဟာ Apple Ecosystem တစ်လွှားမှာ သင့်ရဲ့ အတွေ့အကြုံကို ပိုမိုကောင်းမွန်စေပါတယ်။ ပြီးတော့ ဒါဟာ Apple ကပဲ စွမ်းဆောင်နိုင်မယ့် အရာတစ်ခုပါ။ Apple ဟာ ကိုယ်တိုင် Hardwares များအားလုံးကို ဒီဇိုင်းထုတ်ပြီး iOS, OS X များအားလုံးကိုလည်း ဖန်တီးထား တဲ့အတွက် အရာတိုင်းဟာ သင့်ရဲ့ Devices အားလုံးမှာ ချောမွတ်စွာ လည်ပတ်မှာပါ။ Operating Systems နှစ်ခုစလုံးဟာ အဓိက အားဖြင့် iCloud နဲ့ ချောမွတ်စွာ ချိတ်ဆက်ထားကြပါတယ်။ iCloud ဟာ ရိုးရှင်း၊ လုံခြုံပြီး အဆင်ပြေပါတယ်။ အဲဒီစနစ်ကို မသုံးသေးသူများက အခုပဲ အသုံးပြုသင့်ပါတယ်။

အခမဲ့ အသုံးပြုနိုင်ပြီး သင့်ရဲ့ Apple Device တိုင်းမှာ သင့်အကောင့်နဲ့ ချိတ်ဆက်နိုင်ပါတယ်။ iOS မှာ Settings App ကိုဖွင့်ပါ။ Mac မှာ System Preferences ကို နှိပ်ပါ။ နှစ်ခုစလုံးမှာသင့်ရဲ့ Apple ID ကိုထည့်သွင်းနိုင်တဲ့ iCloud Section ကိုတွေ့ရမှာပါ။Apple ID ဟာ iTunes နဲ့ App Store အတွက် သင်အသုံးပြုတဲ့ Email နဲ့ Password ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်း တစ်ခုက သင့်မှာ Apple ID မရှိသေးရင် iCloud Email အသစ်တစ်ခုကို ဖန်တီးနိုင်ပါတယ်။ သင့်ရဲ့ Devices များကြားမှာ Sync လုပ်ချင်တဲ့ သတင်း အချက်အလက်တွေကို ရွေးချယ်ပြီးရင်တော့ အိုကေပါပြီ။

<iCloud Drive ဆိုတာ ဘာလဲ ?>
Apple က ၂၀၁၄ ခုနှစ်မှာ iOS 8 နဲ့ OS X Yosemite တို့နဲ့အတူ iCloud Drive ကို မိတ်ဆက်ခဲ့ပါတယ်။ သင့်ရဲ့ iCloud အကောင့်ကို Mac , iOS Device များမှာ ချိတ်ဆက်ပြီးရင်တော့ iCloud Drive နဲ့လည်း ချိတ်ဆက်ပြီးပါပြီ။ iCloud Drive ဟာ Apple Users တွေအတွက် အလွန်အသုံးဝင်ပါတယ်။ ယခင်က Dropbox လို ၀န်ဆောင်မှုမျိုးကို သင်သုံးဖူးရင် iCloud Drive ကလည်း ထိုနည်းတူပဲဖြစ်ပါတယ်။ အခမဲ့ iCloud အကောင့်ကို အသုံးပြုရင် 5GB Storage အလိုအလျှောက် ရရှိမှာပါ။ iCloud Drive မှာ ဘယ်ဖိုင်ကိုမဆို သိမ်းဆည်းနိုင်ပါတယ်။ အဆိုပါ 5GB ဟာ သင့်ရဲ့ External Hard Drive or USB Memory Stick လို အသုံးဝင်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ Mac နဲ့ iOS Device များမှာ ကြိုးနဲ့ ချိတ်ဆက်ဖို့မလိုဘဲ အင်တာနက်ကနေ ကြိုးမဲ့ အသုံးပြုနိုင်မှာပါ။ သင့်ရဲ့ Mac မှ ဖိုင်၊ ဖိုဒါများကို Drag and Drop နည်းဖြင့် iCloud Drive ထဲမှာသိမ်းနိုင်ပါတယ်။ iCloud က ဖိုင်များကို Online Storage ထံသို့ အလိုအလျှောက် တင်ပေးမှာ ဖြစ်ပါတယ်။ ဖိုင်များကို Upload လုပ်ပြီး တာနဲ့ သင့်ရဲ့ အခြား Device များမှာလည်း အဲဒီဖိုင်များကို မြင်နိုင်ပါပြီ။ ကလစ်တစ်ချက်နှိပ်ပြီး ဖွင့်နိုင်ပါပြီ။

သင့်ရဲ့ Mac မှာ iCloud Drive ဟာ Finder မှ အခြားဖိုဒါများလိုပဲ အလုပ် လုပ်ပါတယ်။ သင်နှစ်သက်တဲ့ ဖိုင်ကို ထည့်သွင်းနိုင်ပြီး အဲဒီကနေပဲ Documents များကိုဖွင့်နိုင်ပါတယ်။ iOS မှာတော့ iCloud Drive အတွက် သီးခြား App မပါရှိပါဘူး။ အဲဒီအစား iCloud Drive နဲ့ တွဲဖက် အလုပ် လုပ်နိုင်တဲ့ App များက သူတို့ App များထဲမှာပဲ iCloud Drive မှ ဖိုင်များကို ဖွင့်ခြင်း၊ ဖိုင်များကို အဲဒီမှာသိမ်းခြင်းတို့ကို ပြုလုပ်ကြပါတယ်။ iPad , iPhone Apps များမှာ iCloud Icons များကို တွေ့နိုင်ပါတယ်။ သူတို့ကို နှိပ်ရင် App ထဲမှာပဲ iCloud Drive မှ ဖိုင်များကို မြင်နိုင်၊ ဖွင့်နိုင်ပါတယ်။ icloud.com ကနေ အသုံးပြုရင် ပိုမိုကောင်းမွန်ပြီး Apple က သူ့ရဲ့ နာမည်ကြီး Pages, Numbers, Keynote စတဲ့ iWork Suite များကို အသုံးပြုနိုင်အောင် ပံ့ပိုး ပေးထားပါတယ်။ ၀က်ဆိုက်မှာ သင့်ရဲ့ Apple ID , Password နဲ့ Login ၀င်ရမှာပါ။ Microsoft Office Files အပါအ၀င် Compatible File များကို iCloud Drive မှာ ထည့်သွင်းထားရင် ၀က်ဆိုက်မှာ Login ၀င်ခြင်းဖြင့် နေရာတိုင်းမှ အခမဲ့ Edit လုပ်နိုင်မှာပါ။

<iCloud Drive ကို နေရာတိုင်းမှ အသုံးပြုပါ။>
သင့်ရဲ့ ဖိုင်များကို iCloud Drive မှာ သိမ်းဆည်းထားတဲ့အခါမှာ သင့်ရဲ့ ကိုယ်ပိုင် Device များကနေသာ အဲဒီဖိုင်တွေကို အသုံးပြုနိုင်တာ မဟုတ်ပါ ဘူး။ နေရာတိုင်းကနေ ကြည့်ရှုနည်းက ဒီလိုပါ။

1. Login ၀င်ပါ။
ပထမဆုံး iCloud.com ကိုသွားပြီး သင့်အကောင့်နဲ့ Login ၀င်ပါ။ Menu မှ iCloud Drive Button ကို နှိပ်ရင် သင့်ရဲ့ ဖိုဒါနဲ့ ဖိုင်များကို တွေ့ရမှာပါ။

2. ဖိုင် စီမံခန့်ခွဲမှု။
ဖိုဒါတစ်ခုထဲသို့ ဖိုင်များကို ထည့်သွင်းခြင်းဖြင် အုပ်စုဖွဲ့ပါ။ မလိုအပ်တဲ့ဖိုင်များ ကို ဖျက်နိုင်ပါတယ်။ ဖိုင်များရဲ့ သတင်းအချက်အလက်ကို မြင်ရဖို့ ‘ i ‘ Icon လေးကို နှိပ်ပါ။

3.Upload or Download
သင်အလိုရှိတဲ့ ဖိုင်ကို တစ်ချက်နှိပ်ပြီး သိမ်းဆည်းဖို့အတွက် အပေါ်ထိပ်မှ Download Button ကို နှိပ်ပါ။ Upload Button ကို နှိပ်ပြီး iCloud Drive မှာ သိမ်းဖို့ ဖိုင်တစ်ခုကို ရွေးချယ်ပေးပါ။

<iCloud မှ iWork>
1. Login ၀င်ပါ။
icloud.com ကိုသွားပြီး သင့်ရဲ့ Apple ID ဖြင့် Login ၀င်ပါ။ သင့်ရဲ့ Documents အားလုံးကို တွေ့ရဖို့ Pages, Numbers, Keynote Icon ကို နှိပ်ပါ။ သင့်ရဲ့ Mac မှ ဖိုင်များကို Drag and Drop လုပ်ပြီး Upload လုပ်နိုင် ပါတယ်။

2. ဖိုင်များကို ဖွင့်ခြင်းနဲ့ ပြုပြင်ခြင်း။
Online Editor မှာ ဖွင့်ဖို့အတွက် ဖိုင်တစ်ခုကို နှစ်ချက်နှိပ်ပါ။ Mac Version မှ စွမ်းဆောင်ချက်တိုင်းကိုတော့ အွန်လိုင်းမှာ အသုံးပြုလို့မရပါဘူး။ ဒါပေမယ့် Online Editor တစ်ခုအနေနဲ့ အလွန်အစွမ်းထက်ပါတယ်။

<iCloud မှ Photos >
iOS 8.1 မှာ iCloud Photo Library လို့ ခေါ်တဲ့ ဓါတ်ပုံသိမ်းဆည်းတဲ့ စနစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ ယခင်ကတော့ iCloud ကို Setup လုပ်ပြီးတာနဲ့ လွန်ခဲ့တဲ့ ရက်ပေါင်း သုံးဆယ်အတွင်းမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို iCloud မှာသိမ်းပေးပါတယ်။ အခုတော့ ဓါတ်ပုံအားလုံးကို သိမ်းပေးမှာဖြစ်ပြီး သင့်ရဲ့ Device တိုင်းကနေ ရယူနိုင်ပါတယ်။ အခု စနစ် ဟာ Beta အဆင့်သာ ရှိသေးပေမယ့် အသုံးပြုလို့ရပါပြီ။ အဲဒါကို Activate လုပ်ပြီးတာနဲ့ သင့်ရဲ့ ဓါတ်ပုံအားလုံးကို iCloud မှာသိမ်းပေးမှာပါ။ သင်ရိုက်ကူးထားတဲ့ ဓါတ်ပုံအရေအတွက်က အခမဲ့ပေးထားတဲ့ ပမာဏထက် ကျော်လွန်နေရင်တော့ Storage ကို ၀ယ်ယူအသုံးပြုရမှာပါ။ ဓါတ်ပုံများရဲ့ ဖိုင်အရွယ်အစားအားလုံးပေါင်းဟာ 5GB မကျော်ရင်တော့ ၀ယ်စရာမလိုပါ ဘူး။ Setup လုပ်ပြီးတာနဲ့ သင့် iPhone ကနေ ရိုက်ကူးထားတဲ့ ဓါတ်ပုံများကို iPad , Mac တို့မှာ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် Mac မှ Photos App အသစ် ကို ဖွင့်တာနဲ့ iCloud မှ ဓါတ်ပုံများကို မြင်တွေ့နိုင်ပါတယ်။ အကောင်းဆုံး အချက်က သင့်ရဲ့ Device များ ပျက်ဆီးသွားရင်တောင် သင့်ရဲ့ ဓါတ်ပုံ အားလုံးဟာ လုံခြုံနေတဲ့အတွက် စိတ်အေးလက်သာ နေနိုင်ပါတယ်။

<iCloud Photo Library ကို Activate ပြုလုပ်၍ အသုံးပြုနည်း။>
၁။ Switch On လုပ်ပါ။
သင့်ရဲ့ iOS Device မှာ Settings App ရဲ့ iCloud ထဲသွားပါ။ Photos Option ကို နှိပ်ပါ။ စာရင်းရဲ့ ထိပ်မှ iCloud Photo Library (Beta) ကို On လုပ်ပေးပါ။
၂။ Upload & Optimize
သင့်ရဲ့ iPhone မှ ဓါတ်ပုံများကို စဉ်ဆက်မပြတ် Upload လုပ်ပေးနေမှာ ဖြစ်ပြီး အချိန်ခဏသာ ကြာမြင့်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ Storage Space ကို သက်သာစေဖို့ iPhone optimization option ကို On လုပ်ပေးပါ။
၃။ နေရာတိုင်းမှ အသုံးပြုပါ။
သင့်ရဲ့ အခြား Devices များမှာလည်း အဲဒီ Option ကို On ပေးပါ။ သင် ဓါတ်ပုံ ရိုက်တဲ့ အခါမှာ အခြား Device များမှာလည်း အဲဒီဓါတ်ပုံကို မြင်တွေ့ ရမှာပါ။ Photos ကိုဖွင့်ပြီး Photos Tab မှာ ကြည့်ပါ။
<Family Sharing >
မိသားစုဝင်များဟာ နှစ်အတော်ကြာကတည်းက Apps များကို ၀ယ်ယူ ဒေါင်းလုပ်လုပ်ဖို့ ကိုယ်ပိုင် ခရက်ဒစ်ကဒ်များနဲ့ ချိတ်ဆက်ထားတဲ့ iTunes အကောင့်တစ်ခုစီကို လိုအပ်ခဲ့ပါတယ်။ အကောင့်တစ်ခုထဲကိုပဲ မျှဝေ အသုံးပြုမယ်ဆိုရင်လည်း ကလေးများက သူတို့နှစ်သက်တဲ့ ဂိမ်းများအတွက် In-App Purchase များကို ငွေပမာဏများစွာ ၀ယ်ယူမှာကိုလည်း စိတ်ပူရ ပါတယ်။ အဲဒီ နည်းလမ်းနှစ်ခုစလုံးဟာ သဘာဝမကျပါဘူး။ အဲဒီအတွက် Apple က Family Sharing ကို တီထွင်ခဲ့ပါတယ်။ iCloud မှ ယခု Option အသစ်ဟာ မိသားစုအဖြစ် Apple ID အများဆုံး ခြောက်ခုအထိ ချိတ်ဆက် ထားနိုင်ပါတယ်။ ချိတ်ဆက်ပြီးနောက်မှာ မိသားစုဝင်များက Apps, Music, Movies များအပါအ၀င် အခြားအကောင့်များမှ ၀ယ်ယူထားတာတွေကို အခမဲ့ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ သင့်ရဲ့ တည်နေရာကို အခြားမိသားစုဝင်များထံ မျှဝေနိုင်ပါသေးတယ်။ Find My iPhone ကနေ ပျောက်ဆုံးသွားတဲ့ မိသားစု ၀င်ရဲ့ Device ကို ရှာဖွေနိုင်ပါတယ်။

မိဘများအတွက် ပိုလို့တောင် အသုံးဝင်ပါတယ်။ သင့်ကလေးရဲ့ အကောင့်ကို Family Sharing ထဲထည့်ထားရင် ကလေးများက Apps or In-App Purchases များကို ၀ယ်ယူရင် သင့်ကို အသိပေးမှာပါ။ ကလေးများက အခပေး Content များကို ဒေါင်းလုပ် မပြုခင်မှာ သင့်ရဲ့ ခွင့်ပြုချက်ကို ရယူရမှာပါ။ အဲဒီအတွက် ငွေကုန်ကျမှုကို သက်သာစေပါတယ်။

<Family Sharing ကို Setup လုပ်နည်း>
၁။ မိသားစုဝင်များကို ထည့်ပါ။
Settings မှ iCloud ကဏ္ဍကို ဖွင့်ပြီး Family Sharing ကို နှိပ်ပါ။ Add Family Member ကို နှိပ်ပြီး မိသားစုဝင်ရဲ့ Apple ID Email လိပ်စာကို ရိုက်ထည့်ပါ။ ဒါဆိုရင် သူတို့ကို Invite လုပ်ပေးမှာပါ။

၂။ အခွင့်အာဏာများ ရွေးပေးပါ။
မိသားစုဝင်များထဲမှ အုပ်ထိန်းသူများကို Parent/Guardian သတ်မှတ် ထားရင် အရာအားလုံးကို ဒေါင်းလုပ်လုပ်နိုင်မှာပါ။ ကလေးများကို Child အဖြစ် သတ်မှတ်ထားပေးမှသာ သူတို့ရဲ့ ၀ယ်ယူမှုများကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

၃။ ငွေပေးချေမှုနည်းလမ်းကို ထည့်သွင်းပါ။
Family Sharing ကို အသုံးပြုဖို့ အကောင့်တစ်ခုထဲကနေ ငွေပေးချေရမှာပါ။ Shared Payment Method မှာ ငွေပေးချေမယ့် ခရက်ဒစ်ကဒ်ကို စစ်ဆေး နိုင်ပါတယ်။

<မိသားစုဝင်များ ၀ယ်ယူထားတဲ့ အရာများကို ဒေါင်းလုပ်လုပ်နည်း။>
၁။ ၀ယ်ယူပါ။
iTunes or App Store မှာ Updates section (iPhone မှ ) ကို နှိပ်ပါ။ Purchased option ကို ရွေးရင် သင့် မိသားစုဝင်များကို တွေ့ရမှာပါ။

၂။ ရွေးချယ်ပါ။
ဝယ်ယူထားတဲ့ မိသားစုဝင်တစ်ယောက်ကို ရွေးချယ်ရင် သူ ၀ယ်ယူထားတဲ့ အရာအားလုံးကို ပြသပေးမှာဖြစ်ပါတယ်။ နှစ်သက်တာတစ်ခုကို တွေ့ရင် Cloud Download Icon ကို နှိပ်ခြင်းဖြင့် အခမဲ့ ရယူနိုင်ပါတယ်။

<iCloud Security>
နာမည်ကျော်များရဲ့ iCloud အကောင့်များမှ ဓါတ်ပုံများ ခိုးယူခံရမှု အပြီးမှာ iCloud လုံခြုံရေးကို သတင်းခေါင်းစီးများမှာ ဖော်ပြလာကြပါတယ်။ အသုံးပြုသူများက စိတ်ပူခဲ့ကြပေမယ့် Apple က ဟက်ခံရတဲ့ အကောင့် မရှိဘူးလို့ ထပ်တလဲလဲ အတည်ပြုပါတယ်။ ဖောက်ထွင်းခံရတဲ့ လူများဟာ မှန်းဆလို့ သို့မဟုတ် ဖောက်ထွင်းဖို့ လွယ်ကူတဲ့ အလွန်အားနည်းတဲ့ Password များကို အသုံးပြုခဲ့ကြတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဟက်ကာ များက Password ကို သိသွားပြီးတော့ ဓါတ်ပုံများကို ခိုးယူသွားတာဖြစ်ပါ တယ်။

ဒါဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် iCloud ကို အသုံးပြုတဲ့ အခါမှာ လုံခြုံအောင်နေဖို့ဆိုတာ အရေးကြီးပါတယ်။ Two-Step Verification က ဒါကို ကူညီပေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်က သင့်ရဲ့ Password ကို သိသွားရင်တောင် သင့်ရဲ့ iPhone လို Trusted Device ကနေ အတည်ပြု ပေးမှ အဲဒီလူက သင့်အကောင့်ထဲ ၀င်လို့ရမှာဖြစ်ပါတယ်။

<iCloud Keychain ကို အသုံးပြုခြင်း။>
၁။ လုံခြုံတဲ့ အကြံပေးချက်များကို ရယူပါ။
ဝက်ဆိုက်တစ်ခုမှာ အကောင့်အသစ်တစ်ခုကို Signup လုပ်တဲ့ အချိန်မှာ ရှုပ်ထွေးပြီး လုံခြုံစိတ်ချရတဲ့ Password ကို ပံ့ပိုးပေးခြင်းဖြင့် Password တစ်ခုဖန်တီးဖို့ Pop-Up Window ဖြင့် ပြသပေးမှာဖြစ်ပါတယ်။
၂။ သင့်ရဲ့ Passwords များကို စီမံခန့်ခွဲပါ။

သင့်ရဲ့ Mac မှ Safari မှာ Preferences ကိုဖွင့်ပါ။ Passwords ကို နှိပ်ပါ။ အဲဒီမှာ သင် သိမ်းဆည်းထားတဲ့ Passwords များကို မြင်တွေ့နိုင်ပါတယ်။ မလိုအပ်တဲ့ Passwords များကို ဖျက်နိုင်ပါတယ်။ Passwords များကိုလည်း ရှာဖွေနိုင်ပါတယ်။

<iCloud ဖြင့် လုံခြုံအောင် ကာကွယ်ပါ။>
Photos, Documents ကနေ Messages အထိ iCloud ကနေ ပေးပို့တဲ့ အရာအားလုံးကို အနည်းဆုံး 128-bit AES Encryption ဖြင့် ကာကွယ် ထားတဲ့အတွက် သင့်ရဲ့ iCloud မှ ဒေတာများဟာ လုံခြုံ စိတ်ချရပါတယ်။ Apple Servers များမှာ ဖြစ်စေ၊ ပေးပို့ရယူတဲ့ အခါမှာဖြစ်စေ သင့်ရဲ့ ဒေတာများဟာ အလွန် လုံခြုံပါတယ်။ အဲဒီအတွက် သင့်အကောင့်ထဲသို့ တစ်စုံတစ်ယောက်က ဖောက်ထွင်းဝင်ရောက်ပြီး ဖိုင်များကို ခိုးယူမှာကို စိတ်ပူစရာမလိုပါဘူး။

ဒါပေမယ့် ဖိုင်များကို လုံခြုံအောင် သိမ်းဆည်းထားခြင်းက iCloud ရဲ့ တစ်ခုတည်းသော လုံခြုံရေး မဟုတ်ပါဘူး။ သင့်ရဲ့ အခြား အွန်လိုင်း အကောင့်များအတွက်လည်း လုံခြုံရေးအလွှာနောက်တစ်ထပ်ကို ပြုလုပ် ပေးထားပါတယ်။ အဲဒီအတွက် သင့်ရဲ့ Device အားလုံးမှာ လျင်မြန် လွယ်ကူစွာ Log In ၀င်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ၀န်ဆောင်မှုက ကလစ်တစ်ချက်နှိပ်ရုံဖြင့် အကောင့်ပြုလုပ်ဖို့အတွက် ခက်ခဲပြီး မှန်းဆရ ခက်တဲ့ Passwords ကို အကြံပြုပေးနိုင်ပါတယ်။ Password ကိုထည့်သွင်းပြီး တာနဲ့ iCloud က အဲဒီ Password ကို သိမ်းဆည်းပေးမှာဖြစ်ပါတယ်။

အဲဒီအတွက် နောက်ပိုင်းမှာ Login ပြုလုပ်ရင် လွယ်ကူစေပါတယ်။ ဒါပေမယ့် သင့်ရဲ့ အကောင့်ကို ဟက်ကာများ ဖောက်ထွင်းဖို့အတွက်တော့ ခက်ခဲမှာပါ။ အကောင်းဆုံးအချက်က iCloud မှာ သိမ်းရင် သင့်ရဲ့ Passwords အားလုံးကို 256-bit AES Encryption ဖြင့် ကာကွယ်ပေးထားပါတယ်။ အဲဒီအတွက် ဘယ်သူမှ သင့်အကောင့်မှ ဒေတာများကို သိရှိမှာ မဟုတ်ပါဘူး။

အဲဒီနောက်မှာ မိနစ်အနည်းငယ်အတွင်းမှာ Setup လုပ်နိုင်တဲ့ ရိုးရှင်းတဲ့ လုံခြုံရေး နည်းလမ်းများ ရှိပါသေးတယ်။ iOS Device Backups နဲ့ Find My iPhone တို့ဖြစ်ပါတယ်။ iCloud မှာ Backup လုပ်ဖို့ သင့်ရဲ့ iPhone, iPad တို့ကို Setup လုပ်ပါ။ သင့်ရဲ့ iPhone ပျက်ဆီး၊ ပျောက်ဆုံး ဒါမှမဟုတ် အခိုးခံရရင်လည်း သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ဒေတာများဟာ လုံခြုံတဲ့ အတွက် စိတ်ချစွာ နေနိုင်ပါတယ်။

<Find My iPhone>
Find My iPhone ဟာ OS X , iOS စတဲ့ Apple Devices များအားလုံးမှာ Setup လုပ်နိုင်တဲ့ iCloud မှ စွမ်းဆောင်ချက်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ iPhone Settings App ရဲ့ iCloud Section မှာ Activate လုပ်ပြီးတာနဲ့ iCloud.com ကနေ သင့် Device ရဲ့ တည်နေရာကို ထောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ Device များ ပျောက်ဆုံးလျှင် အဝေးကနေ Lock, Wipe, Track လုပ်နိုင်ပါတယ်။

<Two-Step Verification ကို Setup လုပ်နည်း။>
၁။ အွန်လိုင်းမှာ Login လုပ်ပါ။
Appleid.apple.com သို့သွားပြီး စာမျက်နှာရဲ့ ညာဘက်မှ Manage your Apple ID ခလုတ်ကို နှိပ်ပါ။ သင့်ရဲ့ Email, Password နဲ့ Login ၀င်ရမှာ ဖြစ်ပါတယ်။

၂။ Two-Step Verification ကဏ္ဍကိုသွားပါ။
ဘယ်ဘက်ခြမ်းမှ Password and Security Section ကို နှိပ်ပါ။ Menu ရဲ့ ထိပ်မှာ Two-Step Verification ကဏ္ဍရှိပါတယ်။ အဲဒါကို နှိပ်ပါ။

၃။ ညွှန်ကြားချက်အတိုင်းလုပ်ပါ။
ဝက်ဆိုက်ကနေ Two-Step Verification ကို Setup လုပ်ဖို့အတွက် လိုအပ်တဲ့ အဆင့်များကို လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ iPhone or Mac လိုမျိုး တစ်ခုကို Trusted Device အဖြစ် သတ်မှတ်ဖို့ လိုအပ်ပါတယ်။

၎။ အကျိုးကျေးဇူးများကို ခံစားပါ။
အခုဆိုရင် ပထမဆုံးအနေဖြင့် Device အသစ်တစ်ခုကနေ Login ၀င်ရင် သင့်ရဲ့ Trusted Device မှာ ကုဒ်တစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီကုဒ်ကို ဒုတိယလုံခြုံရေးအဖြစ် ရိုက်ထည့်ပေးဖို့လိုအပ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

No comments:

Post a Comment