iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 7, 2016

မန္တလေးခရိုင်အတွင်း ကလေးခိုးယူသည့် မှုခင်းမရှိသော်လည်း သတိလက်လွတ် မနေသင့် ဟုဆို


 ကလေးခိုးယူမှုများ ဖြစ်ပေါ်နေသည်ဟု အွန်လိုင်းစာမျက်နှာများပေါ်တွင် သတင်း ထွက်ပေါ်နေခြင်းနှင့် ပြင်ပတွင် ပျံ့နှံ့နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ ကလေး ခိုးယူမှု မရှိသော်လည်း ပြည်သူများအနေဖြင့် သတိလက်လွတ် မနေထိုင်ကြရန် မန္တလေးခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက သတိပေးပြောဆိုလိုက်သည်။

“ကလေးခိုးယူမှုနဲ့ ပတ်သက်လို့ အဓိကက မိသားစုတွေ ရင်နဲ့မကွာစေဖို့၊ လွှတ်မထားဖို့ လိုတယ်။ ဒါ့အပြင် ပြည်သူတွေလည်း ပူးပေါင်းပါဝင်ကြဖို့လိုတယ်” ဟု မန္တလေးခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

လက်ရှိ Facebook စာမျက်နှာပေါ်တွင် ကလေးခိုးယူသည်ဟု ဆိုကာ သတင်းများ ပျံ့နှံ့မှု များလာခြင်းအတွက် သီးသန့်အနေဖြင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည် မဟုတ်သော်လည်း ရပ်ကွက်၊ ကျေးရွာများတွင် မှုခင်း ကျဆင်းရေးအတွက် ဟောပြောပွဲများဖြင့် အသိပညာပေး သွားမည်ဖြစ်ကြောင်း
သိရသည်။

“အိမ်က ကလေးက ဂိမ်းဆိုင်သွားတာကို မသိလို့ ပျောက်တယ်ဆိုပြီး တိုင်ချက်ဖွင့်တဲ့ အထိ ဖြစ်ဖူးတယ်။ အဲဒါကြောင့် ကလေးတွေကို ကိုယ့်ကိုမပြောဘဲ မသွားအောင်ပြောထားတယ်။ ကိုယ်က အပြင်သွားမယ်ဆိုလည်း ကိုယ့်ဆွေမျိုး သားချင်း၊ အိမ်နီးချင်းတွေကို သေချာအပ်ထားဖို့ လိုပါတယ်။ သက်ဆိုင်ရာပဲ အားကိုးမနေဘဲ ကိုယ်တိုင် ထိန်းသိမ်းဖို့ ပိုလိုမယ်ထင်တယ်” ဟု မန္တလေးမြို့တွင် နေထိုင်သည့် ကလေးမိခင်တစ်ဦး ဖြစ်သည့် ဒေါ်ဝင်းဝင်းက ပြောသည်။

ထို့ကြောင့် ကလေးခိုးယူမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာလျှင် မိဘပြည်သူများ အနေဖြင့် ချင့်ချိန်ယုံကြည်ကြရန်၊ ခိုင်မာမှုရှိသော သတင်းများဖြစ်လျှင် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများထံသို့ အမြန်ဆုံး အကြောင်းကြားရန် လိုအပ်ကြောင်း မန္တလေးခရိုင် ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောသည်။

“မန္တလေးခရိုင်အတွင်းမှာ အရင်ကလည်း ကလေးခိုးမှုမရှိခဲ့ဘူး။ အခုထိလည်း ကလေးခိုးယူမှုအတွက် တိုင်တန်းတာမျိုး မရှိသေးဘူး။ ရှိလာရင် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးသွားမှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ကလေးခိုးယူမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်ထားသည့် ဖုန်းနံပါတ်များ ဆက်သွယ်သော်လည်း ဆက်သွယ်မေးမြန်း၍ မရခဲ့ပေ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment