iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, August 21, 2015

အဓမ္မပြုကျင့် ခံခဲ့ရသော ကလေးငယ် စိုးရိမ်ရ

ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - အင်တာနက် 
          အဓမ္မပြုကျင့် ခံခဲ့ရသော  ရှစ်နှစ်အရွယ် ကလေးငယ်၏ ဆီးလမ်းကြောင်းတွင် ပြည်တည်မှုကြောင့် စိုးရိမ်ရသော အနေအထားတွင် ရှိနေကြောင်း အဆိုပါ ကလေးငယ်၏ မိခင်ဖြစ်သူက ပြောသည်။

          ခုနစ်နှစ်အရွယ်တွင် အသက် (၄၇) နှစ်ရှိသူ၏ အဓမ္မပြုကျင့် ခံခဲ့ရသောကြောင့် သားအိမ် ခွဲထုတ်လိုက်ရခြင်း၊ ဆီးလမ်းကြောင်း တစ်လျှောက် ခွဲစိတ်ကုသခဲ့ရခြင်း တို့ကြောင့် ယခုအခါ အဆိုပါကလေးငယ်မှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးစွာ ခံစားလာခဲ့ ရပြီးနောက် ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီးတွင် တက်ရောက် ကုသနေခဲ့ရာ သြဂုတ်လ (၂၀) ရက်နေ့တွင် ထွက်ပေါ်လာသော ဆေးစစ်ချက်အရ ဆီးလမ်းကြောင်းတွင် ပြည်တည်နေကြောင်း ၎င်းက ဆက်ပြောသည်။

          ““ဒီနေ့မှ ဆေးစစ်ချက်က ထွက်လာတယ်။ ပထမတုန်းက သောက်ဆေးပဲ သောက်ရမယ် ပြောထားတယ်။ အခုကျတော့ ဒီနေ့ထွက်တဲ့ ဆေးစစ်ချက်အရ ထိုးဆေး ထိုးရတော့မယ်။ အဲဒါကို ထိုးဆေး အပတ်ပြည့် သွားရင်ပြန်ပြီးတော့ သွေးတို့၊ ဆီးတို့ ထပ်စစ်မယ်။ အဲဒါ ပိုးရှိတယ် ပြနေသေးရင် ဆေးထပ်ထိုး ရဦးမယ်လို့ ပြောတယ်””ဟု ရှစ်နှစ်အရွယ်  ကလေးငယ်၏ မိခင်က ပြောသည်။

          အဆိုပါ ကလေးငယ်၏ ကျန်းမာရေးအား သြဂုတ်လ (၁၀) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် မန္တလေး  ခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး၌ တက်ရောက် စမ်းသပ်ကုသခဲ့သည်။ ဆီးလမ်းကြောင်းအတွင်း ပိုးရှိနေသောကြောင့် ပြည်တည် နေခြင်းဖြစ်ပြီး၊ သြဂုတ်လ (၂၀) ရက်နေ့မှ စတင်ကာ (၅) ရက်တိတိ မနက်၊ ည နှစ်ကြိမ် ထိုးဆေးထိုးသွား ရမည်ဖြစ်သည်။

          ““အရင်က သားအိမ်ကလည်း ခွဲထားရသေးတဲ့ အတွက် ဒီပိုးသာ ဆက်ရှိနေရင် ကလေးအတွက် စိုးရိမ်ရတယ်လို့ ပြောသွားတယ်။ ဒါပေမဲ့ အခုက ကသာဆေးရုံက ကလေးရဲ့ဆေးစစ်ချက်ကို တောင်းထားတုန်း ရှိသေးတယ်။ ဆေးစစ်ချက်ရမှ ဒီကလည်း ဘာထပ် ဆက်လုပ်ရမယ် သိနိုင်မယ်။  ဥပမာ ခွဲစိတ်တာတို့၊ ဘာတို့ အကြီးမားဆုံး အဆင့်ထိ လုပ်ရမယ် ဆိုတာမျိုးပေါ့။ သေချာတာတော့ ကျွန်မတို့ အရှင်းပျောက်ကင်းမှပဲ ဆေးရုံက ဆင်းရတော့မှာပါ””ဟု မိခင်ဖြစ်သူက ပြောသည်။

          ကလေးငယ်၏ အဓမ္မပြုကျင့်ခံရမှု အတွက် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ကသာမြို့နယ် တရားရုံးမှ တရာခံ ဦး...... အသက် (၄၇)နှစ်အား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၃/၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သော်လည်း တရားလိုဘက်မှ နစ်နာကြေး ရယူလိုမှုဖြင့် စစ်ကိုင်းတိုင်း တရားရုံးသို့ ဆက်တက် ခဲ့ခြင်းဖြစ်ကြောင်း၊ ကလေး၏ နစ်နာမှုအတွက် လိုက်လံ ကူညီဖြစ်ရခြင်းကြောင်း၊ အဆိုပါ အမှုအား လိုက်လံ ကူညီနေသူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဖြေကြားထားသည်။

The Messenger Media
http://messengernewsjournal.com

No comments:

Post a Comment