iCon
zawgyi သို့ မဟုတ် unicode
Tuesday, October 20, 2015
မန္တလေး တောင်သူများ သိမ်းဆည်းခံမြေပေါ်တွင် မကျူးကျော်ရဆိုင်းဘုတ်များ စိုက်ထူ၍ မြေသိမ်းတိုက်ပွဲဆင်နွှဲ
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ကျေးရွာနှင့် ရှင်တော်ကုန်းကျေးရွာအုပ်စုမှ ဒေသခံတောင်သူ ၂၀၀ ခန့်က ဗဟိုမီးသတ်သင်တန်းကျောင်းတည်ဆောက်ရန် သိမ်းဆည်းခံခဲ့ရသည့် မြေပေါ်တွင် အောက်တိုဘာ ၁၉ ရက် နံနက်က မကျူးကျော်ရဆိုင်းဘုတ်များ ၀င်ရောက်စိုက်ထူ၍ ထွန်ယက်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အသုံးပြုထားသည့် မြေ ၅ ဧကမှ ပိုလျှံမြေများပြန်လည်ပေးအပ်ရန်အတွက် ၂၀၀၅ ခုနှစ်မှစတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ပေးအပ်ခြင်းမရှိသောကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။
“တံခါးဖွင့်ခိုင်းတာ မရလို့ ဖြုတ်ပြီး ၀င်ခဲ့တယ်။ မကျူးကျော်ရ ဆိုင်းဘုတ်တွေ စိုက်တယ်။ အစောင့်တဲတွေဆောက်ပြီး ထွန်စက်တွေနဲ့ ထွန်ယက်ခဲ့တယ်။ ပိုလျှံမြေကို ပေးဖို့တောင်းဆိုခဲ့တာ မထူးခြားခဲ့ဘူး”ဟု
ရေကြည်ရွာမှ ဦးမောင်သောင်းက ပြောသည်။
အဆိုပါမြေများအား ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရက ဗဟိုမီးသတ်သင်တန်းကျောင်းတည်ဆောက်ရန် သိမ်းဆည်းခဲ့ကြောင်း၊ ၂၀၀၃ တွင်မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကာ
စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်အသုံးပြုခဲ့ရာမှ ပိုလျှံမြေအား ပြန်လည်ပေးအပ်ရန် ဦးဆောင်သူ ဦးမျိုးဝင်းက ပြောသည်။
မြေသိမ်းခံတောင်သူ မနှင်းအေးက “မူလစီမံကိန်းမအောင်ရင် ကျွန်မတို့ကို ပြန်လွဲပေးရမှာ ဖြစ်ပေမယ့် စစ်မှုထမ်းဟောင်းကို လက်ပြောင်းပေးတယ်။ မြေပိုင်တွေက ငတ်နေရတယ်။ မခံနိုင်တော့လို့ အခုလိုလုပ်တာပဲ။
ထွန်တုံးတိုက်ပွဲမဟုတ်ဘူး။ မြေသိမ်းပွဲပါ“ဟု ပြောသည်။
စစ်မှုထမ်းဟောင်းလေ့ကျင့်ရေးသင်တန်းကျောင်းမှ ဗိုလ်ကြီးမြင့်အောင်က “ကျွန်တော်တို့အနေနဲ့ ဘာမှပြောစရာမရှိသေးဘူး။ အထက်ကိုတင်ပြပြီးမှ ပြောလို့ရမယ်။ တံခါးကိုဖျက်ပြီး ကျွန်တော်တို့ ပိုင်နက်ထဲဝင်လာတယ်။ သူတို့ဘာဆက်လုပ်မယ်မသိသေးဘူး။ အေးအေးဆေးဆေး ဖြစ်စေချင်တယ်”ဟု ပြောသည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Labels:
သတင်း
Subscribe to:
Post Comments (Atom)


No comments:
Post a Comment