စစ်ကိုင်းမြို့ မီးရထားရပ်ကွက် မီးရထား လိုင်းခန်းတွင် ယခုလ( ၁၉) ရက်နေ့ ညနေ (၅း၃၀) နာရီအချိန်တွင် အရက်မူးကာ နှိပ်စက်သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူက ဓားဖြင့်ထိုးခဲ့သည့် အတွက် ခင်ပွန်း ဖြစ်သူ သေဆုံးသွားခဲ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
မီးရထားဝန်ထမ်း လိုင်းခန်းတွင် နေထိုင်သည့် မိခင်ဖြစ်သူ ဒေါ်---------သည် သားဖြစ်သူ ကို--------(၂၈)နှစ်နှင့် ဇနီးဖြစ်သူ တို့မှာ စကားများ ရန်ဖြစ်နေကြောင်း ကြားသိရသည့် အတွက် သွားရောက်ကြည့်ရှုရာ သားဖြစ်သူမှာ နေအိမ်လိုင်းခန်းရှေ့ မြေကြီးပေါ်တွင် ပက်လက် အနေအထားဖြင့် ၀မ်းဗိုက်ပွင့်ကာ သေဆုံးနေကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။
ယင်းသို့သားဖြစ်သူ ကို----------(၂၈) နှစ် သေဆုံးသွားသည့် ကိစ္စရပ်များအား ချွေးမဖြစ်သူအား မေးမြန်းရာတွင် ခင်ပွန်း ဖြစ်သူမှာ အရက်သောက်စား မူးယစ်ပြီး ရန်လုပ်သည့်အပြင် ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့သည့်အတွက် ပန်းသီးလှီးသည့် ဓားဖြင့် သုံးချက် ထိုးခဲ့ကြောင်း၊ ယင်းသို့ ဓားထိုးခံရမှုကြောင့် ကို------------ရင်အုံတွင် ထိုးသွင်းဒဏ်ရာနှင့် ၀မ်းဗိုက်ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။
ယင်းအမှုကို မိခင်ဖြစ်သူ ဒေါ်သန်းသန်းအေးမှ တိုင်တန်းခဲ့သည့် အတွက် စစ်ကိုင်းမြို့မရဲစခန်းမှ အမှူကြီး အမှတ်စဉ် (၂၃/၂၀၁၅) (ပ) ၄၅၅/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် ဖမ်းဆီးအရေးယူ ထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှသိရသည်။
The Messenger Media
http://messengernewsjournal.com
No comments:
Post a Comment