iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, December 8, 2015

ရူးနှမ်းတဲ့ဆုံးဖြတ်ချက်ကို မချဖို့ ချယ်လ်ဆီးအသင်းပိုင်ရှင် Abramovich ကို Ferguson သတိပေး



မန်ယူနည်းပြဟောင်း Sir Alex Ferguson ကတော့ ချယ်လ်ဆီးအသင်းပိုင်ရှင် Roman Abramovich  ရဲ့ လက်ရှိနည်းပြMourinho ကို ထုတ်ပယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ ရူးနှမ်းပြီး စီမံခန့်ခွဲမှုညံ့ဖျင်းတာကို သက်သေပြမယ့် လုပ်ရပ်ဖြစ်လာနိုင်တယ်လို့ သတိပေးစကား ပြောလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒီရာသီရဲ့ ရှစ်ပွဲမြောက်အရှုံးကို ကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာ အသင်းပိုင်ရှင် Abramovich ကတော့ နည်းပြ Mourinho ကို လာမယ့် ပေါ်တိုအသင်းနဲ့ ပွဲအပြီးမှာ ထုတ်ပယ်တော့မယ်လို့ ခိုင်လုံတဲ့အသိုင်းအဝိုင်းကနေ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။


ချယ်လ်ဆီးအသင်းဟာ အခုလို ရလဒ်ဆိုးဝါးနေတာကြောင့် တန်းဆင်းဇုန်နဲ့ နှစ်မှတ်သာကွာဟတော့ပြီး ရာသီကုန်အဆင့်ခြောက်နေရာလောက်ကိုပဲ မျှော်မှန်းနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာခဲ့ရပါတယ်။ ခြင်္သေ့ပြာတွေရဲ့ ပဲ့ကိုင်ရှင် Mourinho ဟာ အခုလိုရလဒ်ဆိုးတွေကနေ အသင်းကို ပြန်မကယ်တင်နိုင်တော့ဘူးလို့ ထင်မြင်ခံနေရပေမယ့်လည်း မန်ယူနည်းပြဟောင်း Ferguson ကတော့ Mourinho ကို ထောက်ခံခဲ့ပြီး Mourinho ဟာ အရာရာကို ပြောင်းလဲနိုင်တဲ့ အစွမ်းအစတွေရှိတယ်လို့ ပြောပါတယ်။


" Mourinho ကို ရာထူးကနေ ဖယ်ရှားဖို့ ခြေလှမ်းတာဟာ ရူးနှမ်းတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အကယ်လို့သာ ဆုံးဖြတ်ချက်အတည်ဖြစ်ခဲ့ရင်တော့ ချယ်လ်ဆီးအသင်းဟာ စီမံခန့်ခွဲမှုညံ့ဖျင်းပြီး ခေါင်းဆောင်ကောင်းမရှိတဲ့အသင်းဖြစ်နေတယ်ဆိုတာကို သက်သေပြသလို ဖြစ်နေပါလိမ့်မယ်။ ကျွန်တော် Jose ကို အမြဲစောင့်ကြည့်နေခဲ့ပြီး စကားတွေလည်း အကြိမ်အတော်များများပြောဖူးပါတယ်။ ဒီလိုမအောင်မြင်ဖြစ်နေတာက သူ့ရဲ့ နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်ပါပဲ။ သူ့ရဲ့ နည်းပြသက်တမ်းတစ်လျှောက်လုံးမှာ အမြင့်မှာချည်းပဲနေခဲ့ရတာပါ။ သူ့ရဲ့ဘဝမှာ ပထမဆုံးအခက်အခဲကို မျှခြေပြန်ဖြစ်လာနိုင်ဖို့ အချိန်ပေးရမယ်လေ။ သူက အဖြေကို မကြာခင်ပြန်ရှာတွေ့မယ့်သူပါ။ သူဘောလုံးလောကမှာ အချိန်ကြာကြာ ဆက်အောင်မြင်နိုင်အုံးမှာပါ " လို့ Ferguson က ပြောခဲ့ပါတယ်။


Ferguson ကတော့ ချယ်လ်ဆီးအသင်း အခုလို အကျပ်အတည်းကျရောက်လာတာဟာ ဂိုးသမား Courtois ဒဏ်ရာရနေခဲ့တာနဲ့ အသင်းခေါင်းဆောင် Terry တို့ ခြေစွမ်းကျဆင်းခဲ့တာတွေက အိပ်မက်ဆိုးရာသီနဲ့ တိုက်ရိုက်အချိုးကျနေတယ်လို့ သုံးသပ်ပါတယ်။ ပရီးမီးယားလိဂ်ဟာလည်း တစ်နှစ်အောင်မြင်ခဲ့ရင် နောက်တစ်နှစ်အောင်မြင်ဖို့ လုံးဝမလွယ်ကူတဲ့ ပြိုင်ပွဲဖြစ်နေတာကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။ " ကျွန်တော် ဒီလိုအကျပ်အတည်းရဲ့ အရာအားလုံးကို ခြုံငုံကြည့်ခဲ့တယ်။သူတို့ရဲ့ အဓိက ဂိုးသမား Courtois ဒဏ်ရာရတယ်။ တစ်ဆက်တည်းမှာ Terry က ခြေစွမ်းကျသွားတယ်။ အသင်းကို လွှမ်းမိုးနိုင်တဲ့ ကစားသမားတွေ အခုလိုဖြစ်ကုန်တာက အသင်းမှာ ခြားနားမှုတွေ ဖြစ်ပေါ်စေခဲ့ပြီးတော့ ဆုံးရှုံးမှုတွေက ကြီးမားခဲ့တယ်။ " 

" ကျွန်တော် မန်ယူအသင်းကို ကိုင်တွယ်တုန်းက တစ်နှစ်နဲ့တစ်နှစ် တည်ငြိမ်အောင်ထိန်းထားနိုင်ဖို့ မနည်းကြိုးစားခဲ့ရတယ်။ ဒီနှစ်မှာ ပရီးမီးယားလိဂ်ကို ရယူနိုင်ခဲ့တာက သိပ်အရေးမကြီးပေမယ့် နောက်ရာသီအတွက်တော့ အရေးကြီးတယ်။ ဒီလိုထိန်းထားနိုင်တဲ့အသင်းဆိုတာ အင်မတန်ရှားတယ်။ မန်စီးတီးချန်ပီယံဖြစ်တယ် နောက်နှစ်မှာတော့ ထိန်းမထားနိုင်ဘူး။ ချယ်လ်ဆီးချန်ပီယံဖြစ်ခဲ့တယ်။ အခုတော့ အကျပ်အတည်းတွေ တွေ့နေတယ်။ နောက် လေး ငါးနှစ်လောက်အထိ အောင်မြင်မှုကို ထိန်းထားနိုင်ဖို့ဆိုတာ မလွယ်ဘူး။ အသင်းတွေက ချန်ပီယံဖြစ်သွားရင် ကျေနပ်သွားတာများပြီး နောက်ထပ်မကြိုးစားချင်တော့ဘူး။ အဲ့ဒါက သော့ချက်ပဲ " လို့  သမ္ဘာအရ ပြောပြသွားခဲ့ပါတယ်။ ဒါ့ကြောင့် Ferguson ပြောခဲ့သလိုပဲ ချယ်လ်ဆီးအသင်းပိုင်ရှင် Abramovich ကတော့Mourinhoကိုစိတ်ရှည်ရှည်နဲ့ဆက်အချိန်ပေးပြီး စောင့်ကြည့်သွားအုံးမလားဆိုတာကတော့.....................

(Paing A K)

No comments:

Post a Comment