iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, August 6, 2015

ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ် အိန္ဒိယနိုင်ငံမှ ထောက်ပံ့ရေး လေယာဉ် မန္တလေးသို့ ရောက်ရှိ


 မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရေဘေးအတွက် စားသောက်ကုန်နှင့် ဆေးဝါးများ ထောက်ပံ့ရန် လေကြောင်းမှ ပထမဆုံး နိုင်ငံတကာ အကူအညီအဖြစ် အိန္ဒိယနိုင်ငံမှ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်(တံတားဦး) နှင့် ကလေးမြို့လေဆိပ်သို့ ယနေ့ သြဂုတ် ၆ နေ့ က ထောက်ပံ့ရေးလေယာဉ် ၂ စင်း ရောက်ရှိလာကြောင်း သိရသည်။

"အိန္ဒိယနိုင်ငံနဲ့ချစ်ကြည်ရင်းနှီးမှုနဲ့ လူသားခြင်းစာနာထောက်ထားတဲ့ စိတ်ဓါတ်နဲ့ ကူညီလှူဒါန်းခြင်းပါ။ ဒီအခက်အခဲတွေ မြန်မာပြည်မှာ အမြန်ဆုံးလွတ်မြောက်ပြီး အမြန်ဆုံးအေးချမ်းဖို့ အိန္ဒိယအစိုးရကိုယ်စား ဆုတောင်းပါတယ်" အိန္ဒိယကောင်စစ်ဝန်ချုပ် Dr.Nagendran Nandakumar က ပြောကြားသည်။

အဆိုပါလေယာဉ်နှစ်စင်းသည် အိန္ဒိယနိုင်ငံနယူးဒေလီလေဆိပ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး မွန်းလွဲ၁နာရီခွဲဝန်းကျင်က မန္တလေးသို့ရောက်ရှိမည်ခန့်မှန်းထားသော်လည်း ရာသီဥတုအခြေအနေအရ ညပိုင်းတွင် ရောက်ရှိခဲ့သည်။

ထောက်ပံ့ရေးပစ္စည်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆပ်ကော်မတီမှ လက်ခံရယူပြီး သက်ဆိုင်ရာရေဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်လှူဒါန်းသွားမည်ဖြစ်ကြောင်း ကယ်ဆယ်ရေး
နှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒု-ညွှန်ချုပ် ဦးအောင်ခိုင်က ပြောကြားသည်။

C-17 လေယာဉ်ဖြင့် မန္တလေးသို့ရောက်ရှိခဲ့၍ ဆန် ၄၅တန်၊ ခေါက်ဆွဲခြောက် ၃၀၀ ကီလိုဂရမ် နှင့် ဆေးဝါးနှင့်အခြားပစ္စည်းများ ၃၀၀ ကီလိုဂရမ် စုစုပေါင်း တန်ချိန် ၅၀ ခန့် သယ်ဆောင်လာကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁-နာရီ ၁၅ မိနစ်ခန့်က ကလေးမြို့လေဆိပ်သို့ C-130 လေယာဉ်ဖြင့် ဆန် ၉ တန်၊ ခေါက်ဆွဲခြောက် ၂၀၀ ကီလိုဂရမ်၊ ဆေးဝါး၂၀၀ ကီလိုဂရမ်တို့ကို သယ်ဆောင်လာခဲ့ပြီး ရေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment