ပြီးခဲ့နှစ်က iPhone 6 နဲ့ 6 Plus တို့ကို ဖြန့်ချိရောင်းချခဲ့ရာမှာ iPhone တွေကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်သည့်အခါ ကွေးညွှပ်သွားတတ်တယ်ဆိုတဲ့ မနှစ်မြို့ဖွယ် နာမည်ပျက်တစ်ခုကြောင့် iPhone ချစ်သူတို့ အနည်းငယ် စိတ်ပျက်ခဲ့ရပါတယ်။ ဒါကြောင့် Apple ဟာ နောက်အသစ်ထွက်လာတဲ့ iPhone 6S နဲ့ 6S Plus တို့က အသုံးပြုသူတို့မနှစ်မြို့ခဲ့တဲ့ အချက်ဖြစ်သည့် အလွယ်တကူ ကွေးလွယ်တယ်ဆိုတဲ့ အချက်ကို ပြန်လည်ပြုပြင်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က Apple မှ နောက်အသစ်ထုတ်လုပ်ထားတဲ့ iPhone 6s နဲ့ 6s Plus တို့ရဲ့ အသုံးပြုသူတို့ စိတ်တိုင်းကျ ပြန်လည်ပြုပြင်ကာ ထုတ်လုပ်ပေးထားတယ်ဆိုတဲ့ အချက်ကို Square Trade ဆိုတဲ့ ကုမ္ပဏီတစ်ခု စမ်းသပ်ခဲ့ပါတယ်။ Square Trade ဟာ ကမ္ဘာတစ်ဝှမ်း Smart Phone , Laptop စတဲ့ Electronic ပစ္စည်းတွေ ပျက်သွားတဲ့အခါ အာမခံနဲ့ ပြန်လည်ပြုပြင်ပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ စမ်းသပ်တဲ့အခါမှာလည်း iPhone 6s နဲ့ 6s Plus တို့ကိုသာ သီးသန့် စမ်းသပ်ခဲ့တာမဟုတ်ပဲ Samsung Galaxy Note 5 နဲ့ နှိုင်းယှဉ်ကာ စမ်းသပ်ပြသခဲ့ပါတယ်။
ကွေးညွှတ်ခြင်းအား စမ်းသပ်ခြင်း
===================
===================
ကွေးညွှတ်ခြင်းအတွက် Square Trade ရဲ့စမ်းသပ်ပုံကတော့ ပေါင် ၁၈၀ အလေးချိန်ရှိတဲ့ ထုထည်နဲ့ iPhone 6S Plus ကို ဖိပြခဲ့ပါတယ်။ ဒါပေမဲ့ iPhone 6S Plus ဟာ အနည်းငယ်ကွေးသွားခြင်းမရှိပါဘူး။ အလားတူပဲ iPhone 6S ကို ပေါင် ၁၇၀ အလေးချိန်ရှိတဲ့ ထုထည်နဲ့ ဖိပြခဲ့တဲ့အခါမှာလည်း ကွေးညွပ်သွားခြင်း တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ အရင် iPhone 6 နဲ့ iPhone 6 Plus တို့ကတော့ အလေးချိန် ပေါင် ၁၁၀ မှာတင် ကွေးညွှတ်သွားခဲ့ပါတယ်။ Samsung Galaxy Note 5 ကိုလည်း စမ်းသပ်ခဲ့ရာမှာတော့ iPhone 6S ရဲ့ ခံနိုင်ရည်အား ပေါင် ၁၇၀ အလေးချိန်နဲ့ စမ်းသပ်ခြင်းတူညီခဲ့ပါတယ်။
အပူချိန်ခံနိုင်အားကို စမ်းသပ်ခြင်း
===================
Smart Phone တစ်လုံးကို အသုံးပြုကြတဲ့ လူတိုင်းက ကားအတွင်းမှာ ရှိနေတဲ့ အပူချိန်သာ မကပဲ ညအချိန် အိမ်အပြင်ဘက်မှာ ရှိနေတဲ့ အအေးဒဏ်တွေကိုလည်း ချက်ချင်း ခံစားရနိုင်ပါတယ်။ မိမိအသုံးပြုနေတဲ့ Smart Phone ဟာ ဒီလိုအပူအအေးဒဏ်တွေကို အလွန်အကျူး ချက်ချင်း ခံစားရတဲ့ အခါ ခံနိုင်ရည်စွမ်းအား မရှိခဲ့ဘူးဆိုရင်တော့ ဈေးကြီးပေးဝယ်ထားတဲ့ မိမိရဲ့ Smart Phone ဟာ အလကားပါပဲ။ ဒီအတွက် Square Trade က စမ်းသပ်ပြသခဲ့ရာမှာတော့ အပူချိန် သုည ဒီဂရီနဲ့ အအေး သုည ဒီဂရီတို့မှာ တစ်လှည့်စီ စမ်းသပ်ခဲ့ပါတယ်။
၎င်းစမ်းသပ်မှုမှာတော့ Note 5 ရဲ့ ခံနိုင်ရည်စွမ်းအားက နှစ်နာရီကြာချိန်အတွင်းမှာသာ ဖုန်းခေါ်ဆိုခြင်း ၊ ဗီဒီယိုကောလ် ခေါ်ဆိုခြင်းတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ iPhone 6S Plus မှာတော့ Note 5 ရဲ့ ခံနိုင်ရည်စွမ်းအားထက် ၁ နာရီကျော်ကြာတဲ့ အချိန် အတိုင်းအတာနဲ့ iPhone 6S မှာတော့ Note5 ရဲ့ ခံနိုင်ရည်စွမ်းအားထက် တစ်နာရီနဲ့ မိနစ်သုံးဆယ်ကျော်ပိုကြာတဲ့ အချိန်အတိုင်းအတာ အထိ ဖုန်းခေါ်ဆိုနိုင်ခြင်း ၊ ဗီဒီယိုကောလ် ခေါ်ဆိုနိုင်ခြင်းတွေပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာလည်း iPhone 6S နဲ့ 6S Plus တို့ရဲ့ ခံနိုင်ရည်စွမ်းအားတွေပဲ ဖြစ်ပါတယ်။
Screen မျက်နှာပြင် ခံနိုင်မှုအား စမ်းသပ်ကြည့်ခြင်း
===========================
===========================
Screen မျက်နှာပြင်နဲ့ ပါတ်သက်ပြီး ဖုန်းအမျိုးအစား သုံးမျိုးစလုံးရဲ့ ကြံ့ခိုင်မှုဟာ အသုံးပြုသူတို့ကို အကြိုက်မတွေ့စေခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အမြှင့်တစ်နေရာကနေ Screen မျက်နှာပြင်ဖြင့် ပြုတ်ကျမှု ကို စမ်းသပ်တဲ့အခါ ဖုန်းအမျိုးအစား သုံးမျိုးစလုံးရဲ့ Screen မျက်နှာပြင်ဟာ စိတ်မကောင်းစရာကွဲကြေသွားခဲ့ကြပါတယ်။
အထက်ဖော်ပြပါ အချက်တွေကတော့ စက်ရုံကနေ ထုတ်လိုက်တဲ့ အာမခံချက်တွေအပေါ်မူတည်ပြီး Square Trade ( Electronic ပစ္စည်းများကို အာမခံဖြင့် ပြန်လည် ပြုပြင်ပေးသော ကုမ္ပဏီတစ်ခု ) က စမ်းသပ်ကာ ခံနိုင်ရည်စွမ်းအားအပေါ်မူတည်ပြီး ၁ မှ ၁၀ ထိ အမှတ်များနဲ့ သတ်မှတ်ခဲ့ပါတယ်။ အဆိုပါ တိုင်းတာချက်များမှာ iPhone 6S ရဲ့ အလွယ်တကူ ပျက်စီးလွယ်တဲ့ ရာခိုင်နှုန်း 4.5 ရာခိုင်နှုန်းသာ ရှိခဲ့ပြီး iPhone 6S Plus နဲ့ Samsung Galaxy Note 5 တို့ကတော့ 5 ရာခိုင်နှုန်းကိုယ်စီ ရရှိခဲ့ကြပါတယ်။
Ref : Mashable
Aung Ko Htet (MMA)
No comments:
Post a Comment