iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

မုန့်ဖတ်များတွင် ကင်ဆာဖြစ်စေနိုင်သည့် တာရှည်ခံဆေး ဗန်ဇိုင်းနှင့် ဟိုက်ဒရိုချွတ်ဆေးများ ထည့်သွင်းအသုံးပြုနေကြောင်း ကြားသိရ



မုန့်ဖတ်များတွင် ကင်ဆာရောဂါကို ဖြစ်စေနိုင်သည့် တာရှည်ခံဆေး ဗန်ဇိုင်း (benzene) နှင့် ဟိုက်ဒရို (hidro) ချွတ်ဆေးများ ပါဝင်နေသည့်အတွက် သတိပြုစားသုံးဖို့လိုအပ်ကြောင်း စားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌဦးဗအုပ်ခိုင်ကပြောသည်။

မုန့်ဖတ်များ ရောင်းချရာတွင် တာရှည်ခံရန်အတွက် ဗန်ဇိုင်းကိုလည်းကောင်း၊ မုန့်ဖတ်များအရောင်လှစေရန် အတွက် ဟိုက်ဒရိုချွတ်ဆေးကိုလည်းကောင်း သုံးစွဲလျက်ရှိနေကြောင်း သိရသည်။
''ဗန်ဇိုင်းက တာရှည်ခံဆေးဖြစ်တော့ အသုံးများနေတယ်။ လိုတာထက် ထည့်တာများသွားရင်တော့ အန္တရာယ်ရှိ နိုင်တယ်။ ကင်ဆာလိုရောဂါတွေဖြစ်နိုင်တယ်။ ဟိုက်ဒရိုကတော့ မုန့်ဖတ်တွေကို အရောင်ဖွေးအောင်သုံးကြ တယ်။ အဲဒီ ဟိုက်ဒရိုရဲ့ ဘေးထွက်ဆိုးကျိုးကို ဆရာတို့အသင်းက ဓာတ်ခွဲစမ်းသပ်ပြီး ကြည့်ခိုင်းထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့တော့ ညီညွတ်မှုမရှိဘူး''ဟု ဦးဗအုပ်ခိုင်က ပြောသည်။

ယခင်က မုန့်ဖတ်၊ ပဲပြား၊ ချက်နို့ဆီ၊ ပင်လယ်ငါးအချို့နှင့် အေးခဲအသားများတွင် ကြာရှည်ခံရန်အတွက် လူသေ ကောင်များတွင် သုံးရသည့် ဖော်မလင် (Formalene)ကို သုံးလေ့ရှိကြောင်းသိရသည်။

နောက်ပိုင်းတွင် မုန့်ဖတ်များ၌ ဖော်မလင်အစား ဗန်ဇိုင်းနှင့် ဟိုက်ဒရိုချွတ် ဆေးများကို ပြောင်းလဲအသုံးပြုလာကြပြီး ကုန်ပစ္စည်း များတွင်တော့ ဖော်မလင်ကို ဆက်လက်သုံးစွဲလျက်ရှိသည်ဟု သိရသည်။ ''ဟိုက်ဒရိုချွတ်ဆေးပါမပါဆိုတာ မုန့်ဖတ်တွေက ပုံမှန်မဟုတ်ဘဲ ဖြူဖွေးနေရင် ဒါချွတ်ဆေးပါတာပဲ။ မုန့်ဖတ်ရဲ့ မူလအရောင်က အရမ်းမဖြူဘူး။ ညိုကျင့်ကျင့် ဖန်အရောင်လိုမျိုးရှိတယ်။ တအားဖွေးနေရင် ဟိုက်ဒရိုချွတ်ဆေးသုံးထားတယ်။ အဲဒီနည်းနဲ့ ခွဲခြားလို့ရတယ်။ ပြည်သူတွေ အနေနဲ့ နှစ်ရက်၊ သုံးရက် အထားခံထားတဲ့ မုန့်ဖတ်မျိုးဆိုရင် မစားသုံးသင့်ဘူး'' ဟု ၎င်းက အကြံပြုပြောဆိုသည်။

၎င်းတို့အသင်းအနေနှင့်လည်း မုန့်ဖတ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ပညာပေးဟောပြောမှုများ ပြုလုပ်လျက် ရှိပြီး ထပ်မံ၍လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ ၎င်းတို့၏ စစ်တမ်းများအရ မုန့်ဖတ် လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးတွင် ကိုးဦးခန့်က အထက်ပါ ဓာတုဆေးဝါးများဖြင့် ထည့်သွင်းပြုလုပ် လျက်ရှိကြောင်း သိရသည်။


(News Watch)

https://www.facebook.com/NewsWatchJournal

No comments:

Post a Comment