iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, October 10, 2015

ဗဟိုဘဏ် မကယ်နိုင် တော့တဲ့ ဒေါ်လာဈေးတက်မှု ဂယက် ပြည်သူတွေ အသက်ထွက်တော့မည်


ယနေ့တိုင်းပြည်မှာ ပြည်သူအများစုဟာ ဘ၀အတွက် အရေးကြီဆုံးဖြစ်တဲ့ စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ လှုပ်ရှားရုန်းကန်နေကြရပါတယ်။ နိုင်ငံလူဦးရေရဲ့အများစုဖြစ်တဲ့ တောင်သူလယ်သမားတွေဟာ
ရာသီဥတု ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးအတွက် များစွာ ဒုက္ခ ရောက်နေကြသလို ပြည်သူအများစုဟာလည်း အလုပ်ကိုင်အခွင့်လမ်း မကောင်းမွန်မှုကြောင့် ၀င်ငွေနည်းပါးပြီး စားဝတ်နေရေးအတွက် အင်မတန် အခက်အခဲရောက်နေကြပါတယ်။ နေ့စဉ်ထမင်းနပ်မှန်ရေးအတွက်ကိုပင် ပင်ပန်းကြီးစွာ လှုပ်ရှားရုန်းကန်နေကြရပါတယ်။

ဒီလိုအခြေအနေတွေမှာ မွေပူရာကင်းမှောက်၊ လဲရာသူခိုးထောင်းဆိုသလို တစ်နေ့ထက်တစ်နေ့ ကြီးမြှင့်လာတဲ့ ကုန်ဈေးနှုန်းဒဏ်က ပြည်သူလူထုကို ပိုမိုဒုက္ခတွေ့စေပါတယ်။ ဘယ်နေရာသွားသွား ကုန်ဈေးနှုန်းကြီးမြှင့်မှုကြောင့် ငြီးနေတဲ့ပြည်သူတွေရဲ့ အသံကိုကြားနေရပါတယ်။

ဒါကြောင့်လည်း ဒီနေ့တိုင်းပြည်တစ်ခုအတွက် အရေးကြီးဆုံးဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပတော့မှာ ဖြစ်ပေမယ့် လူထုဟာ ထိုက်သင့်သလောက် ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှု မရှိတာ တွေ့ရမှာဖြစ်ပါတယ်။ ထမင်းနပ်မှန်ရေးအတွက် မနည်းရုန်းကန် နေရတဲ့အချိန်မှာ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်းတာဟာ
ပြည်သူတွေကို အပြစ်မဆိုသာပါဘူး။ ဘာလို့လဲဆိုတော့ အသက်ရှင် နေထိုင်ရေးအတွက် အရေးကြီးဆုံးက စားဝတ်နေရေးက အဓိကဖြစ်နေတာကိုး။

တစ်ခါတစ်လေစဉ်းစားမိတယ် ဒီလိုရွေးကောက်ပွဲဘက်ကိုပြည်သူတွေ စိတ်ဝင်စားမှု မရှိအောင်များ သေချာလုပ်ထား သလို့တောင် အောင်းမေ့မိပါတယ်။ ပြည်သူတွေဟာ စားဝတ်နေရေးအတွက် နပန်းလုံးနေရတော့ နိုင်ငံရေးဘက်စိတ်ဝင်စားမှုမရှိတော့ဘူးလေ။ လူနာမျက်ဖြူစိုက်လေ ဆရာကြိုက်ဖြစ်နေကြတာဗျ။

ထားပါတော့ဗျာ ဒီနေ့ကုန်ဈေးနှုန်းဟာ တစ်ရက်ထက်တစ်ရက် ဘာလို့တက်နေရတာလဲဆိုတာစဉ်စားကြည့်တော့ ကုန်ဈေးနှုန်းကြီးနေရတဲ့အဓိကအကြောင်းအရင်းက တနေ့ထက်တစ်နေ့ ထိန်းမနိုင်သိမ်းမနိုင်တက်နေတဲ့ ဒေါ်လာဈေးကြောင့်ပါပဲ။ နိုင်ငံတစ်ကာငွေဈေးတွေတက် မြန်မာကျပ်ငွေဈေးနှုန်းတွေ ကျဆင်းနေတော့ ကုန်ဈေးနှုန်းကကြီးမြှင့် လာတာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံဟာဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် သွင်းကုန်အပေါ်မှာ အဓိကမှီခိုအာထားနေရတာကိုး။ ထိုကြောင့် အဓိကသွင်းကုန်ဖြစ်တဲ့ စက်သုံးဆီ၊ စားဆီ၊ ဆောက်လုပ်ရေးကုန်ကြမ်းပစ္စည်းတွေဟာ ဒေါ်လာဈေးနဲ့အတူမြင့်တက်ကုန်ပါတော့တယ်။ သူတို့မြင့်တက်မှုနဲ့အတူ အခြားကုန်ပစ္စည်းတွေဟာလည်း ကျွဲကူးရေပါ တက်ကုန်ကြပါတော့လေသတည်း။

ဒီလိုသွင်းကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ နိုင်ငံတစ်ကာ ကုန်စည်ဈေးနှုန်းတွေ မြှင့်တက်လာလို့လားဆိုတော့ လုံးဝမဟုတ်ပါဘူး တစ်ချို့ကုန်စည်များဆို ဈေးနှုန်းတောင်ကျနေတာတွေ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ မိမိကျပ်ငွေဈေးက တနေ့ထက်တစ်နေ့ ကျဆင်းနေပြီး ဒေါ်လာဈေးတက်နေမှုကြောင့် ဈေးနှုန်းမကျတဲ့အပြင် တက်တောင်တက်နေပါသေးတယ်။ မြန်မာကျပ်ငွေဈေးကျဆင်းမှု ဒေါ်လာဈေးတက်မှုကြောင့် ကုန်ဈေးနှုန်းအပေါ်မှာ ဘယ်လောက်ရိုက်ခတ်မှုရှိလဲဆိုတာ ရွှေဈေးနှုန်းနဲ့နှိုင်းယှဉ်ပြပါမယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ရွှေဈေးဟာတစ်ကျပ်သား ၈ သိန်းအထိ စံချိန်တင်မြှင့်တက်ခဲ့ပါတယ်။ ဟုတ်ပြီဘာလို့ ဒီလောက်ထိတက်ခဲ့သလဲ။ ကမ္ဘာ့ရွှေဈေးကတက်လို့လားဆိုတော့ ကမ္ဘာရွှေဈေးလည်း ထူးထူးခြားခြား မတက်ခဲ့ပါဘူး။ ရွှေတို့ ရေနံတို့ဆိုတာ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့ဈေးကွက်ပါ။ အကုန်လုံးချိတ်ဆက်နေတာပါ။
ကိုယ့်တစ်နိုင်ငံတည်း ဈေးတက်ချင်သလိုတက် ကျချင်သလိုကျ လုပ်လို့မရပါဘူး။ ကမ္ဘာဈေးနှုန်းသတ်မှတ်ချက်နဲ့အတူ ပြောင်းလဲနေတာပါ။ ခုမြန်မာရွှေဈေးစံချိန်တင် တက်နေတဲ့အချိန်မှာ ကမ္ဘာရွှေဈေးဟာ မတက်ခဲ့ပါဘူး မတက်တဲ့အပြင် ပြီးခဲ့တဲ့နှစ်ထက်တောင် ကျလာပါသေးတယ်။

ယခုစာရေးနေတဲ့အချိန်မှာဆိုရင် ကမ္ဘာရွှေဈေးဟာ တစ်ရက်ထက်တစ်ရက် ကျတောင်ကျနေပါတယ်။ ဒါပေမယ့်မြန်မာရွှေဈေးက မကျတဲ့အပြင် တက်တောင်သွားပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်လာဈေးဟာ တစ်ဒေါ်လာ ၁၃၀၀ နီးပါးအထိ မြင့်တက်လာလို့ပဲဖြစ်ပါတယ်။ အကယ်၍ဒီအချိန်မှာ ဒေါ်လာဈေးနှုန်းဟာ တစ်ဒေါ်လာ ၁၀၀၀ ကျပ်လောက် သာရှိပါက ယနေ့ကမ္ဘာရွှေဈေး ၁၁၃၄ မှာရှိသင့်တဲ့ မြန်မာရွှေဈေးဟာ ၆ သိန်းကျော်ကျော်လေးပဲ ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်လာဈေးတက်မှုကြောင့် မြန်မာ့ရွှေဈေးဟာ ယခုစာရေးနေတဲ့အချိန်မှာ ၇၇၇၀၀၀ ထိ မြင့်တက်နေပါတယ်။ ဒါ ဒေါ်လာဈေးတက်မှုကြောင့်
နိုင်ငံတစ်ကာဈေးနှုန်းမတက်ပဲ ပြည်တွင်းဈေးကွက်မှာ ဈေးတက်သွားတာကို ရွှေဈေးနဲ့နှိုင်းယှဉ်ပြတာပါ။
ဒါကိုကြည့်ချင်းအားဖြင့် ဒေါ်လာဈေးမြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းအပေါ်မှာ ရိုက်ခတ်မှုကိုမြင်တွေ့ရမှာပါ။

ဒေါ်လာဈေးတက်လို့ ကုန်ဈေးနှုန်းတက်တာပဲ သမရိုးကျမဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။ မဟုတ်ဘူးလို့ပြောရမှာပါပဲ။ ယနေ့ကျပ်ငွေဈေးတွေကျ ဒေါ်လာဈေးတွေတက်နေတာဟာ ဈေးကွက်ကို လူတစ်စုရဲ့ ချယ်လှယ်ချုပ်ကိုင်ထားမှု ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်လို့ပြောမယ်ဆိုရင် ငြင်းလို့ရမယ်မထင်ပါဘူး။ ပြီးခဲ့တဲ့နှစ်ပိုင်းက ဒေါ်လာဈေးဟာ တစ်ထောင်အောက်လောက်ပဲရှိခဲ့တာပါ။ အဲ့ဒီအချိန်မှာ အသိဥာဏ်အမျှော်မြင်မရှိတဲ့အုပ်ချုပ်သူတွေက တိုင်းပြည်ရဲ့လက်တစ်ဆုပ်စာပို့ကုန်လုပ်ငန်းရှင် ခရိုနီတွေကောင်းစားရေးအတွက်ရှေးရူပြီး ပြည်သူမျက်နှာကိုမထောက်ပဲ ဒေါ်လာဈေးတကို ဆွဲတင်လိုက်ရာကနေ ယခုလိုဖြစ်သွားတာပါပဲ။ ပို့ကုန်လုပ်ငန်းရှင်များ အမြတ်အစွန်းများများရရှိ အဆင်ပြေရေးအတွက် ဒေါ်လာဈေးတွေ မြင့်တက်အောင်လုပ်ပါမယ်ဆိုပြီး သံဓိဌာန်ချလုပ်ဆောင်ခဲ့ရာကနေ ဒေါ်လာဈေးဟာ တောက်လျောက်တက်လာတာတွေ့ရမှာပါ။

ဒီအချိန်မှာ တစ်သောင်းတန်ငွေစက္ကူကိုထပ်ထုတ်ခဲ့တော့ေ ဒ်ါလာဈေးဟာ ပိုတက်သွားခဲ့ပါတယ်။ ဒါကိုပင်အားမရပဲ ယနေ့အချိန်အခါမှာတော့ လုံခြုံရေးကိုအကြောင်းပြ ငါးထောင်တန်နဲ့ တစ်သောင်းတန်ကို အသစ်ထပ်မံရိုက်ထုတ်လုပ်ခဲ့တော့ ဒေါ်လာဈေးဟာ ထိမ်းမနိုင်သိမ်းမနိုင် မြင့်တက်ကုန်ပါတော့တယ်။ ဒါဟာ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှု အမှားလို့ပြောရမှာပါပဲ။ ဒီလို ဒေါ်လာဈေးတွေတက်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက အမြတ်အစွန်းတွေပိုရသွားပေမယ့်လည်း ထုတ်ကုန်ထုတ်လုပ်ပေးတဲ့ ဆင်းရဲသားပြည်သူတွေကတော့ ဒုံရင်းဒုံရင်းပါပဲ။

ကဲ ခုလိုဒေါ်လာဈေးမြင့်တက်မှုကြောင့် ဘယ်သူတွေအကျိးအမြတ်ရပြီး ဘယ်သူတွေခံနေရသလဲ။ ရှင်းရှင်းလေပါ လောကမှာ ကိစ္စတစ်ခုဖြစ်လို့ ဆိုးကျိုးခံစားရမယ်ဆိုရင် အရင်ဆုံးခံရတာက အောက်ခြေဆင်းရဲသားကျောမွဲလူတန်းစားပါပဲ။ ကောင်းကျိုးဆိုရင်တော့နောက်ဆုံးမှ ခံရတာပါ။ အဲ့လိုပဲခု ဒေါ်လာဈေးတွေ တက်လို့ ကုန်ဈေးနှုန်းတက်တယ် အဲ့ဒီဒဏ်ကိုအရင်ဆုံးခံရတာက အောက်ခြေလူတန်းစာားပါပဲ။ ခုလိုဒေါ်လာဈေးမြှင့်တက်အောင်လုပ်ခဲ့မှုကြောင့် အကျိုးခံစားရလိုက်တာက လက်တဆုပ်စာလူနည်းစုပါ။
ကောင်းမွန်တဲ့အစိုးရကောင်းတစ်ရပ်ဆိုတာ လူအများစုဖြစ်တဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုပဲ ကြည့်ပါတယ်။ အာဏာရှင်အစိုးရကသာ သူတို့နဲ့အပေါင်းပါ အကျိုးစီးပွားကိုကြည့်ပါတယ်။

လူနည်းစုအကျိးစီးပွားအတွက် ဒေါ်လာဈေးတွေကို တက်အောင်တော့လုပ်တက်ခဲ့ပြီး ခုကျအောင်တော့ မလုပ်တက်ကြတော့ဘူးလား။ ခုဆို ကိုယ့်မွေးတဲ့မျောက်က ကိုယ့်ပြန်ချောက်နေပါပြီ။ ဗဟိုဘဏ်ကလည်းဝင်ထိမ်းပေးလို့ မနိုင်တော့ပဲ မရှုနိုင်မကယ်နိုင်ဖြစ်နေကြပါပြီ။ ဗဟိုဘဏ်ဟာ ဒေါ်လာမှောင်ခို ဈေးကစားသူတွေရဲ့ ကြိုးဆွဲရာကနေရတဲ့ဘ၀ ဖြစ်နေရှာပါပြီ။ ဒီလိုအချို့မှာ တစ်ဘို့တည်းကြည့်တဲ့ ပုဂ္ဂလိကဘဏ်အချို့က
ဒေါ်လာဝယ်ရောင်းလုပ်တဲ့နေရာကနေ သိက္ခာမရှိစွာ ၀င်ရောက်အမြတ်ဝင်ရှာနေတာ အံ့သြစွာတွေ့ရပါတယ်။ ဒီနေ့ကုန်ဈေးနှုန်းတွေကြီးမြင့်နေတာတွေရဲ့ အဓိကတရားခံဟာ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ အုပ်ချုပ်သူလူကြီးမင်းများနဲ့အပေါင်းပါ ခရိုနီတွေကြောင့်ပဲဖြစ်ပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ ကမ္ဘာ့အဆင်းရဲ့ဆုံးနိုင်ငံစာရင်းဝင် တစ်ချိန်က ကမ္ဘာ့အဆင်းရဲဆုံးဆိုတဲ့ အီသီယိုးပီးယားနိုင်ငံထက်တောင်ဆင်းရဲနေတဲ့ ကျွန်တော်တို့နိုင်ငံဟာ နေထိုင်စားသောက်စရိတ်ကျတော့
ဖွံ့ဖြိုးပြီးနိုင်ငံတွေထက်တောင် ကြီးမြင့်နေပါတယ်။ ဒီအချက်ဟာ ဆင်းရဲသားပြည်သူတွေကို ပိုမိုဒုက္ခတွေ့စေပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံတောင် ကျွန်တော်တို့နိုင်ငံထက် နေထိုင်စားသောက်စရိတ်ဟာ သက်သာတာတွေ့ရပါတယ်။ ဒါတွေဟာဘာကြောင့်လည်းဆိုတော့ တိုင်းပြည်ရဲ့ ကုန်းဈေးနှုန်းဟာ အသိဥာဏ်မရှိ ကိုယ့်အတွက်ပဲကြည့်တဲ့ လူတစ်စုရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်ရှိနေလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အသားငါးဈေးတွေ ရှိသင့်တဲ့ဈေးထက် ကြီးမြင့်နေရတာဟာလည်း အသိဥာဏ်မရှိတဲ့အုပ်ချုပ်သူများနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေး ၀ိသမလောဘသားများကြောင့်ပဲဖြစ်ပါတယ်။

အသားထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်များ လေးလံချပေးတဲ့အခါမှာ စည်ပင်ကနေပြီးတော့ တစ်ဦးတစ်ယောက်ထဲကိုပဲ ပြိုင်ဘက်မရှိ လုပ်ပိုင်ခွင့်ချပေးတဲ့အတွက် ပြည်သူတွေအပေါ်အနိုင်ကျင့်ခွင့် ပေးလိုက် သလိုဖြစ်သွားပါတော့တယ်။ ထိုကြောင့်လုပ်ငန်းရှင်တွေဟာ လိုင်စင်ရရှိရေးအတွက် ဈေးပြိုင်ပေးကြ အာဏာရှင်နဲ့ပေါင်းပြီး မရ ရအောင်လုပ်ကြပြီး ထင်တိုင်းကျဲခွင့်ရနေကြတဲ့အတွက် ယနေ့အသားငါးဈေးတွေဟာ ရှိသင့်သည့်ဈေးနှုန်းထက် ကြီးမြင့်နေရတာပဲဖြစ်ပါတယ်။ ဒီဒဏ်တွေကို ကျောကော့အောင် ခံနေရတာကတော့ ပြည်သူတွေပါပဲ။

တိုင်းပြည်အုပ်ချုပ်ရာမှာ စစ်ရေးအမြင်သာရှိပြီး စီးပွားရေအမြင်နိုင်ငံရေးအမြင်မရှိတဲ့ အုပ်ချုပ်သူအာဏရှင်များရဲ့ အသိဥာဏ်မဲ့တဲ့လုပ်ရပ်ကြောင့် ခုဆိုကုန်ဈေးနှုန်း မြင့်တက်မှုဟာ ပြည်သူတွေရဲ့ လည်ပင်းကိုရောက်နေပါပြီ။ ဒီလောက်ပြည်သူတွေ ဘေးဒုက္ခတွေ့နေရတဲ့အချိန် ထမင်းတလုပ်အတွက် ပင်ပန်းကြီးစွာ
ရှာဖွေစားသောက်နေရတဲ့ အချိန်မှာ အစိုးရအနေနဲ့ ကုန်ဈေးနှုန်းပြန်လည်ကျဆင်းအောင် မလုပ်တက်တော့ဘူးလား။ လူနည်းစုအကျိုးစီးပွားအတွက် ဒေါ်လာဈေးကိုတက်အောင်ကျလုပ်တက်ခဲ့ပြီး ပြည်သူအများစု ဒုက္ခရောက်နေပါတယ်ဆိုတဲ့အချိန်ကြတော့ ကျအောင်မလုပ်ပေးနိုင်တာဟာ လူမဆန်တဲ့လုပ်ရပ်လို့ပဲ ပြောချင်ပါတယ်။ ယနေ့တိုင်းပြည်မှာ ဆင်းရဲသာပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဆိုးဝါးစွာခံနေရပါတယ်။

စီးပွားရေးလုပ်ငန်းအများစုဟာလည်း ဒေါ်လာဈေးမြင့်တက်မှုကြောင့် ဈေးကွက်ပျက်နေပါတယ်။ ကွန်ဒိုအိမ်ရာဆောက်လုပ်ရေးလုပ်ငန်းတွေဟာလည်း လဲပြိုမတက်ဖြစ်နေတဲ့အချိန်မှာ ဒီလို ငွေကြေးဖောင်းပွားနှုန်း
တစ်နေ့တစ်ခြားဆိုးဝါးနေမှုကို အချိန်မှီ မထိမ်းနိုင်ပဲ ဒီအခြေအနေတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ မကြာသေအချိန်မှာ မြန်မာ့စီးပွားရေးလဲပြိုမှုထိဖြစ်သွားနိုင်ပါတယ်လို့ သတိပေးရေးသားလိုက်ရပါတယ်။

- ကျော်ကြီး(MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment