iCon
zawgyi သို့ မဟုတ် unicode
Thursday, November 19, 2015
လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်တဲ့ Messi
ဘာစီလိုနာတိုက်စစ်မှူး Messi ကတော့ ဒူးအရွတ်ဒဏ်ရာကြောင့် စက်တင်ဘာလတည်းက အနားယူနေရပါတယ်။ တနင်္လာနေ့မနက်က ဘာစီလိုနာအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာတော့ သူဟာ ပြန်လည်ပါဝင်လာပြီး လာမယ့် အယ်လ်ကလာစီကိုပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ဘာစီလိုနာအသင်းဟာ Messi နှစ်လကျော်ကြာမပါဝင်နိုင်ခဲ့ပေမယ့်လည်း တောင်အမေရိက တိုက်စစ်အတွဲဖြစ်တဲ့ Suarez နဲ့ Neymar တို့ကတော့ အသင်းကို ဟန်မပျက်အောင် ထိန်းကျောင်းပေးနိုင်ခဲ့ပါတယ်။
သူဟာ အာဂျင်တီးနားအသင်းမှာလည်း မကစားနိုင်တာကြာမြင့်နေပြီဖြစ်ပြီး သူ့ရဲ့ နိုင်ငံအသင်းကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲလေးပွဲကစားပြီးချိန်မှာ လေးမှတ်သာရယူထားနိုင်ပါသေးတယ်။
"အသင်းကတော့ လေ့ကျင့်ရေးအစီအစဉ်တွေကို ပြန်လုပ်နေပါပြီ။ သုံးရက်လောက်နားခဲရတဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ပြင်သစ်က ဓားစာခံတွေအတွက် တစ်မိနစ်ငြိမ်သက်ပေးခဲ့ပါတယ်။ တိုက်စစ်မှူး Messi လည်း လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ " လို့ ဘာစီလိုနာအသင်း ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့ပါတယ်။
ဘိုရီဆော့ဗ်နဲ့ ပွဲမှာ ပေါင်ခြံဒဏ်ရာရခဲ့တဲ့ ကွင်းလယ်လူ Rakitic လည်း ပြန်လည်ပြီး လေ့ကျင့်ခန်းဆင်းနေပြီလို့ သိရပါတယ်။ ဘာစီလိုနာအသင်းကတော့ ဒဏ်ရာပြဿနာတွေ ရှိနေပေမယ့်လည်း ဟန်မပျက်ခဲ့ပဲ လာလီဂါရဲ့ အမှတ်ပေးဇယားမှာ ဒုတိယနေရာက ရီးရဲလ်မက်ဒရစ်အသင်းကို သုံးမှတ်အသာနဲ့ ဦးဆောင်ထားနိုင်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့် လာမယ့် အယ်လ်ကလာစီကို ပွဲစဉ်မှာတော့ ဘာစီလိုနာအသင်းဟာ လူပြန်စုံလာဖွယ်ရှိနေပြီး နှစ်သင်းလုံးက အတောင့်တင်းဆုံး လူစာရင်းနဲ့ ယှဉ်ပြိုင်နိုင်ဖွယ်ရှိနေပါတယ်။
(Paing A K)
Labels:
အားကစား သတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment