iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 10, 2015

အသက်မပြည့်သေးသည့် မိန်းကလေးငယ် နှစ်ဦးအား ပြည့်တန်ဆာအဖြစ် ရောင်းစားခဲ့သူများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်



ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရန် တစ်ကြိမ်ထက်မက ရောင်းစားခံရသည့် အသက်မပြည့်သေးသည့် မိန်းကလေးငယ်နှစ်ဦး ပြည်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ကို ရောင်းစားခဲ့သည့် အုပ်စုဖွဲ့ လှုပ်ရှားသူများအား လူကုန်ကူးမှု ပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်မြို့မရဲစခန်းထံမှ
သိရှိရသည်။

ပြည်မြို့ ဘူတာဝင်းအတွင်း နေထိုင်ကြသော အသက် ၁၅ နှစ်အရွယ် မိန်းကလေး နှစ်ဦးမှာ ယခုနှစ် မေလအတွင်းက ဟင်းဝယ်သွားစဉ် ပျောက်ဆုံးခဲ့ပြီး တစ်ဦးမှာ ဒီဇင်ဘာ ၄ ရက်နှင့် ကျန်တစ်ဦးမှာ ဒီဇင်ဘာ ၆ ရက်တို့တွင် ပြည်မြို့သို့ ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

“သမီးတို့ကို ထမင်းဆိုင်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်သွားတာ။ ဟိုရောက်တော့ ထမင်းဆိုင်မဟုတ်ဘဲ လိင်ဖျော်ဖြေရေး နေရာ ဖြစ်နေတယ်။ ကျွန်မတို့ကို လိုက်ပို့တဲ့ နှစ်ယောက်က တစ်ယောက်ကို တစ်သိန်းခွဲစီယူပြီး ပြန်သွားကြတယ်” ဟု ပြည်မြို့သို့ ပြန်လည် ရောက်ရှိလာသည့် မိန်းကလေးက ပြောသည်။

အဆိုပါ မိန်းကလေးနှစ်ဦးမှာ မေလ ၂၂ ရက်နေ့က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ပြည်မြို့ ပွင့်လှသိမ်ကုန်းရပ်ကွက်နေ ဦးမြိုင့်ကြိုင်နှင့် ကိုလှိုင်ဘွားတို့က ချောက်မြို့ရှိ ၎င်းတို့ အဒေါ်ဆိုင်တွင် စားပွဲထိုးအဖြစ် လုပ်ကိုင်ပါက လခပိုရမည်ဖြစ်ကြောင်း ပြောဆို၍ ချောက်မြို့သို့ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချောက်မြို့တွင် ကြိုတင်စောင့်ဆိုင်းနေသူများထံ ၎င်းတို့နှစ်ဦးကို ထားခဲ့ကာပြည့်တန်ဆာ အလုပ်ကို ခိုင်းစေခဲ့ပြီး ထိုမှတစ်ဆင့် ဆည်၊ လမ်းတံတား
ဆောက်လုပ်သည့်နေရာရှိ လင်မယားနှစ်ဦးထံတွင်လည်း ထပ်မံလုပ်ကိုင်ခဲ့ရ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“သမီးပြည်ကို ရောက်လို့ နောက်ရက်မှာပဲ သမီးစိတ်နဲ့ အမေဆုံးသွားတယ်။ အဲဒါတွေကို မကျေနပ်နိုင်ဘူး။ အရေးယူ တိုင်တန်းပေးစေချင်တယ်” ဟု ပြည်မြို့သို့ ပြန်ရောက်လာသည့် အမျိုးသမီးက ပြောသည်။

၎င်းတို့ စတင်ပျောက်ဆုံးစဉ်က ပြည်မြို့မရဲစခန်းတွင် လူပျောက် (၄/၂၀၁၅)၊ (၅/၂၀၁၅) တို့ဖြင့် ၎င်းတို့၏မိဘများက အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ယခု ပြန်လည် ရောက်ရှိလာသောအခါ ရောင်းစားခဲ့သူများနှင့် ခိုင်းစေခဲ့သူများကို (ပ)၉၈၆/၂၀၁၅၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ
အမှုဖွင့် အရေးယူခဲ့ပြီး ရောင်းစားခဲ့သည်ဟုဆိုသော ပွင့်လှသိမ်ကုန်းရပ်ကွက် နေသူ နှစ်ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကျန်တရားခံများကိုလည်း ဖမ်းဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

( The Ladies News Journal )

https://www.facebook.com/News.TheLadies/

No comments:

Post a Comment